Reuters
ဂျပန်နိုင်ငံဟ၏ 7-Eleven Japan ကို တည်ထောင်ခဲ့ပြီး တိုရှီဖူမိ ဆူဇူကီးသည် မေလ ၁၈ ရက်နေ့က နှလုံးစက်ရပ်၍ ကွယ်လွန်သွားခဲ့ကြောင်း Seven & i Holdings ကုမ္ပဏီက ယနေ့ မေလ ၂၅ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ ၎င်းကွယ်လွန်ချိန်တွင် အသက် ၉၃ နှစ် ရှိပြီဖြစ်သည်။
ဆူဇူကီးသည် အမေရိကန်အခြေစိုက် 7-Eleven အော်ပရေတာဖြစ်သော Southland ကော်ပိုရေးရှင်းနှင့် ပူးပေါင်း၍ ၁၉၇၃ ခုနှစ်တွင် 7-Eleven Japan ကို စတင်တည်ထောင်ခဲ့ပြီး၊ နောက်တစ်နှစ်တွင် တိုကျိုမြို့၌ ပထမဆုံးသော စတိုးဆိုင်ကို ဖွင့်လှစ်ခဲ့သည်။
ထို့ပြင် ၁၉၉၀ ပြည့်လွန်နှစ်များ အစောပိုင်းတွင် 7-Eleven ၏ မိခင်ကုမ္ပဏီဖြစ်သော Southland သည် ကုမ္ပဏီချင်းချိတ်ဆက် ဝယ်ယူမှုကြောင့် ဖြစ်ပေါ်လာသည့် အကြွေးပမာဏအမြောက်အမြားကြောင့် ဒေဝါလီခံရမည့်အခြေအနေနှင့် ရင်ဆိုင်ခဲ့ရစဉ်ကလည်း၊ ဆူဇူကီးသည် ကုမ္ပဏီကို အောင်မြင်စွာ ပြန်လည်ဖွဲ့စည်းပြီး ကယ်တင်နိုင်ခဲ့သည်။
ထိုင်းနိုင်ငံရှိ 7-Eleven ဆိုင် ၁၄,၀၀၀ ကျော်ကို ပိုင်ဆိုင်သည့် CP ALL (CP Group) သည်လည်း ဂျပန်နိုင်ငံ၏ Seven & i Holdings မှ မူပိုင်ခွင့်ကို ယူထားခြင်းဖြစ်သည်။
သို့သော် ထိုင်း 7-Eleven ဆိုင်များတွင် ရောင်းချသည့် ပစ္စည်းအမျိုးအစားများနှင့် ဆိုင်တွင်းဝန်ဆောင်မှုများကို ဂျပန်ဘက်က လာလုပ်ကိုင်ခြင်းမဟုတ်ဘဲ CP ALL ကသာ စီမံခန့်ခွဲ ခြင်း ဖြစ်သည်။
