ထောင်သွင်းအကျဉ်းချခံထားရသော ပြည် NLDပါတီဝင်တစ်ဦး နှလုံးသွေးကြောကျဉ်းရောဂါဖြင့် ကျဆုံး

ဓာတ်ပုံ-PPNM
ပုံစာ- ကျဆုံးနိုင်ကျဉ်း ကိုဌေးအောင်နိုင်နှင့် ပြည်ထောင်ရှေ့ပုံ။

ပဲခူးတိုင်း ၊ ပြည်အကျဉ်းထောင်တွင် ဖမ်း‌ဆီးခံထားရသည့် ပြည်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် နိုင်ငံရေးအကျဉ်းသား ကိုဌေးအောင်နိုင် နှလုံးသွေးကြောကျဉ်းရောဂါဖြင့် ကျဆုံးခဲ့ ကြောင်း သိရသည်။

ကိုဌေးအောင်နိုင်(၄၉နှစ်)သည် မေလ ၂၁ ရက်၊ မွန်းလွဲ ၃ နာရီဝန်းကျင်တွင် ထောင်ဆေးရုံ၌ ဝမ်း ချုပ်ခြင်း ၊ ရင်ပြည့်ခြင်းနှင့် အသက်ရှူမဝခြင်း ဝေဒနာများခံစားရသဖြင့် ဆေးကုသမှု ခံယူခဲ့ပြီး အခြေ အနေ ပိုဆိုးလာသဖြင့် မေလ ၂၂ ရက်၊ နံနက် ၈ နာရီခန့်၌ ပြည်မြို့နယ် ကုတင် ၅၀၀ ဆေးရုံကြီးသို့ လွှဲပြောင်းကုသခွင့်ရရှိခဲ့သော်လည်း ယင်းနေ့ နေ့လယ် ၁၁ နာရီဝန်းကျင်၌ပင် နှလုံးသွေး ကြောကျဉ်း ရောဂါဖြင့် ကျဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် (PPNM)က ထုတ်ပြန်ထားသည်။

“PPNM အနေနဲ့ မှတ်ချက်ပေးရမယ်ဆိုရင် အကျဉ်းထောင်တွေမှာ ဆေးဝါးကုသမှု အလုံအလောက် မရှိတာ ၊ ဆေးဝါးတွေနည်းပါးတာ ၊ ထောင်‌ဆရာဝန်နည်းပါးတာ ၊ ထောင်သူနာပြုတွေနည်းပါးတာ ဒါကိုတွေ့ရတယ်။ နိုင်ငံတကာအဆင့်မှာတော့ ICRC လိုမျိုး UN လိုမျိုး စတဲ့ အဖွဲ့အစည်းတွေက အ ကျဉ်းသားတွေကို ပြင်ပလူတွေ‌နဲ့ တန်းတူပေါ့နော်။ ကျန်းမာရေးစောင့်ရှောက်မှု ရသင့်တယ်လို့ဆို ထားပါတယ်။ ဒါကလည်း လူ့အခွင့်အရေး ၊ အကျဉ်းသားအခွင့်အရေးတွေအနေနဲ့ ကျန်းမာစောင့် ရှောက်ရေးမှုကို အခြေခံအခွင့်အရေးအဖြစ် လိုအပ်တယ်ဆိုတဲ့အကြောင်းကို မီးမောင်းထိုးပြချင်ပါ တယ်ရှင်”ဟု PPNM ဦးဆောင်ကော်မတီ မရောင်နီလင်းက MPA သို့ပြောသည်။

ကိုဌေးအောင်နိုင်၏ ရုပ်အလောင်းကို ပြည်မြို့နယ် ဆေးရုံကြီး ရင်ခွဲရုံတွင် ထားရှိခဲ့ပြီး မေလ ၂၃ ရက် နေ့လယ် ၁၁ နာရီခွဲအချိန်၌ မိသားစုဝင်များက ပြည်မြို့ အေးငြိမ်းရာ ဘာသာပေါင်းစုံသုဿန်၌ သင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။

ကိုဌေးအောင်နိုင်ကို ၂၀၂၃ ခုနှစ် ၊ နိုဝင်ဘာ ၃၀ ရက်တွင် စစ်တပ်က နေအိမ်၌ ဖမ်းဆီးခဲ့ပြီး ၂၀၂၄ ခုနှစ် ၊ ဇန်နဝါရီ ၁၇ ရက်တွင် ပြည်ခရိုင် ထောင်တွင်းတရားရုံးက ၅၂-က၊ ၅၀-ညပုဒ်မ တို့ဖြင့် ထောင် ဒဏ် ၁၅ နှစ် ချမှတ်ခဲ့ကြောင်း သိရသည်။

အကျဉ်းထောင်များအတွင်း ကျန်းမာရေးစောင့်ရှောက်မှု အချိန်မီ ကောင်းမွန်စွာ မရရှိခြင်းနှင့် ဖိနှိပ် ချုပ်ခြယ်မှုဒဏ်များကြောင့် အသက်ပေးဆပ်ရသည့် နိုင်ငံရေးအကျဉ်းသားဦးရေ တစ်စတစ်စ တိုးပွား လာနေသည့်အပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်းနှင့် စစ်တပ်နှင့် အကျဉ်းထောင်အာ ဏာပိုင်များတွင် တာဝန်ရှိကြောင်း PPNMက ဆိုသည်။


စာတည်း-ML