မန္တလေးတိုင်းတွင် အစိုးရတုက ရက် ၁၀၀ စီမံချက် စတင်ပြီး တစ်လအတွင်း လူငယ် ၄၀ ထက် မနည်း ပေါ်တာဆွဲခံထားရကြောင်း သိရသည်။
ဧပြီ ၂၀ရက်မှ မေလ ၁၉ ရက်အတွင်း မန္တလေးတိုင်း ၊ မတ္တရာ ၊ အမရပူရ၊ မန္တလေးမြို့ပေါ်ရှိ မဟာ အောင်မြေ ၊ အောင်မြေသာစံနှင့် ပြည်ကြီးတံခွန်မြို့နယ်တို့မှ လူငယ် ၄၀ ထက်မနည်းကို စစ်သား ၊ ပျူစောထီး ၊ ရာအိမ်မှူးနှင့် အုပ်ချုပ်ရေးမှူးတို့က ပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်း ဒေသတွင်း နွေဦး တော်လှန်ရေးစာမျက်နှာ Voice Of Mandalay ထံက သိရသည်။
” ဒီမေလအတွင်းပိုင်းမှာတော့ ပေါ်တာဆွဲဖမ်းဆီးခံရဆုံးကတော့ မဟာအောင်မြေဗျ။ ကျနော်တို့ ပေါ်တာဆွဲ ဖမ်းဆီးခံရတဲ့ သတင်းတွေကို ပြည်သူတွေက ပေးပို့ရင် မဟာအောင်မြေထဲက များနေ တာမို့လို့ပါ။ တကယ်တော့ မြေပြင်မှာ တခြားမြို့နယ်တွေလည်း ဒီထက်မက ရှိကောင်းရှိနိုင်ပါတယ်။ ကျနော်တို့သတင်းပေးပို့မှု မရတာဘဲဖြစ်နိုင်ပါတယ်”ဟု Voice Of Mandalay မှ တာဝန်ရှိသူတစ်ဦး က MPA သို့ပြောသည်။
မေလအတွင်း မဟာအောင်မြေမြို့နယ်မှ လူငယ် ၇ ဦး ၊ အောင်မြေသာစံမြို့နယ်မှ ၂ ဦး ၊ ပြည်ကြီးတံ ခွန်မြို့နယ်မှ ၄ ဦး ပေါ်တာဆွဲဖမ်းဆီးခံခဲ့ရပြီး သတင်းမရရှိသည့် ပေါ်တာဆွဲ ဖမ်းဆီးခံရမှုများလည်း ရှိနိုင်ကြောင်း သိရသည်။
“လက်ရှိကတော့ ယောင်္ကျားလေး ပျောက်တာပဲ ကျနော်တို့သတင်းရပါတယ်ဗျ။ မိန်းကလေး ပျောက် တာတော့ ကျနော်တို့ဆီ သတင်းပေးပို့မှု မတွေ့သေးပါဘူး”ဟု ၎င်းကဆက်လက် ပြောသည်။
ဧပြီ ၂၄ ရက်တွင် မတ္တရာမြို့အနောက်ခြမ်း၊ ပိုဝမြောက်ရွာမှ ပြည်သူအယောက် ၂၀ ကို စစ်တပ်က ဖမ်းဆီးခဲ့ပြီး မေလ ၂ ရက်တွင်လည်း မတ္တရာမြို့နယ်၊ အင်းတံခါး ကျေးရွာမှ အမျိုးသား ၂ ဦးကို ပေါ်တာဆွဲခဲ့သေးကြောင်း သိရသည်။
ထို့အပြင် အမရပူရမြို့နယ်တွင်လည်း မေလ ၁၆ ရက်၌ လူငယ်တစ်ဦးနှင့် မေလ ၁၄ ရက်တွင် လူငယ် ၄ ဦးတို့ စစ်တပ်၏ ပေါ်တာဆွဲခဲ့ပြီး မေလ ၅ ရက်၌ အမရပူရမြို့နယ် ၊ မန္တလေး- စစ်ကိုင်း အထွက်နားရှိ မူးယစ်ဆေးဝါးသုံးစွဲရာနေရာသို့ လဝကနှင့် ပြည်သူ့စစ်များက ဝင်ရောက်ဖမ်း ဆီးကာ အသက် ၃၅ နှစ်မပြည့်သေးသူများအား စစ်မှုထမ်းအဖြစ် ဖမ်းဆီးသွားခဲ့ရာ ဖမ်းဆီးခံရသူ အရေအတွက်ကိုမူ စုံစမ်းဆဲဖြစ်ကြောင်း သိရသည်။
မဟာအောင်မြေမြို့နယ်တွင် နေထိုင်သည့် လူငယ် ၁၁ ဦးသည်လည်း တောင်ကြီးမြို့တွင် အလုပ်လုပ်ရန်သွားရောက်စဉ် မေလ ၂၀ ရက်၌ ဖုန်းများစက်ပိတ်သွားပြီး ပျောက်ဆုံးနေကြောင်း ၊ မေလ ၁၈ ရက်ကလည်း မန္တလေးမြို့ ၊ ၆၇ x ၆၈ လမ်း၊ ၁၄၂ လမ်းဘက်သို့ ပစ္စည်းပို့သွားရာမှ အသက် ၂၃ နှစ်အရွယ် လူငယ်တစ်ဦးပျောက်ဆုံးနေကြောင်းနှင့် မေလ ၁၃ ရက်၌လည်း မန္တလေးမြို့ ၊ ၁၁၆ x ၆၅C ရှိ အလုပ်သို့ သွားသည့် အသက် ၁၇ နှစ်အရွယ် လူငယ်တစ်ဦး ပျောက်ဆုံးခဲ့သေးကြောင်း သိရသည်။
မန္တလေးတွင် ရက် ၁၀၀ စီမံချက် စတင်ပြီးနောက်ပိုင်း လူငယ်လူရွယ်များ အကြောင်းမဲ့ ပျောက်ဆုံးမှု ဖြစ်စဉ် တစ်ရက်ထက်တစ်ရက် ပိုမိုများပြားလာပြီး မန္တလေးမြို့၌ အလုပ်သွားလုပ်စဉ်နှင့် ပစ္စည်းပို့ သွားစဉ် လူပျောက်ဆုံးမှုများ ဆက်တိုက်ဖြစ်ပွားနေသဖြင့် လူငယ်များအနေဖြင့် ပြင်ပသို့ သွားလာ ရာ၌ လုံခြုံရေး အထူးဂရုပြုရန် Voice Of Mandalay က သတိပေးထားသည်။
အာဏာသိမ်းစစ်အုပ်စု အစိုးရတုက ရက်၁၀၀စီမံချက်အဖြစ် ဧပြီ၂၀ရက်မှ ဇူလိုင်၃၀ရက်အထိ ပြု လုပ်လျက်ရှိသည်။
စာတည်း-ML
