စစ်တပ်ဝါဒဖြန့်မှုနှင့် အမုန်းတရားများကို လက်နက်သဖွယ် အသုံးပြုခြင်း

[ သုတေသနဆောင်းပါး ]

မြန်မာနိုင်ငံအတွင်း စစ်အာဏာသိမ်းမှု ဖြစ်စဉ်နောက်ပိုင်းတွင် စစ်ကော်မရှင်နှင့် ၎င်း၏ ဝါဒဖြန့်လော်ဘီများသည် မြေပြင်စစ်ဆင်ရေးများအပြင် ဆိုရှယ်မီဒီယာ ပလက်ဖောင်းများကို အသုံးပြု၍ ဒီဂျစ်တယ်စစ်မျက်နှာတစ်ခုကိုပါ အပြိုင်အဆိုင် ဖွင့်လှစ်လာခဲ့သည်။

ငြိမ်းချမ်းရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ကိစ္စရပ်များကို ပျက်စီးစေရန် ရည်ရွယ်လျက် တော်လှန်ရေးအင်အားစုများ၊ အမျိုးသမီးများနှင့် တိုင်းရင်းသားလူမျိုးစုများအကြား သွေးကွဲစေမည့် အမုန်းစကားများနှင့် သတင်းတု၊ သတင်းမှား များကို စနစ်တကျ ရေးဆွဲဖြန့်ဝေနေကြောင်း တွေ့ရှိရသည်။

၂၀၂၆ ခုနှစ်၊ ဧပြီလ ၁ ရက်မှ ဧပြီလ ၃၀ ရက်နေ့အထိ အရပ်ဘက်အဖွဲ့အစည်းတစ်ခု၏ ဖေ့ဘွတ်ခ်အကောင့် (၅၀၈) ခု၊ စာမျက်နှာ (၁၅၆) ခု၊ ဂရုပ် (၁၀၉) ခုနှင့် တယ်လီဂရမ်ချန်နယ် (၂၁) ခုတို့ကို ပုံမှန်စောင့်ကြည့်မှတ်တမ်းတင်ချက်များအရ ပိုစ့်ပေါင်း (၁၇၀) ခုကို အသေးစိတ် စိစစ်ခွဲခြားနိုင်ခဲ့သည်။

ဧပြီလအတွင်း တွေ့ရှိရသော မှတ်တမ်းဝင်ပိုစ့်များတွင် အမုန်းစကား ပျံ့နှံ့မှုသည် သိသာထင်ရှားစွာ မြင့်မားနေပြီး စုစုပေါင်း ပိုစ့်အမျိုးအစားများ၏ ၈၇ရာခိုင်နှုန်း အထိ ရှိနေကာ၊ သတင်းတု၊ သတင်းမှား ဖြန့်ဝေမှုမှာ ၁၃ရာခိုင်နှုန်း ရှိကြောင်း မြင်တွေ့ရသည်။

အမုန်းစကားများ ဖြန့်ဝေမှုနှင့် ပစ်မှတ်ထားတိုက်ခိုက်ခံရသူများ

စောင့်ကြည့်လေ့လာချက်များအရ အမုန်းစကားများကို ပုံစံမျိုးစုံဖြင့် ထုတ်လုပ်နေကြပြီး ဂုဏ်ယူမြင့်မြတ်သော အလုပ်ဟု ခံယူခြင်း၊ ခြိမ်းခြောက်မှုအဖြစ် ပုံဖော်ခြင်း၊ အပြစ်သားအဖြစ် ပုံဖော်ခြင်း၊ လူ့အဖြစ်မှ နှိမ့်ချပြောဆိုခြင်း၊ ဆူပူအကြမ်းဖက်မှုကို အားပေးခြင်း နှင့် နိုင့်ထက်စီးနင်း စော်ကားပြောဆိုခြင်း ဟူ၍ အမျိုးအစား ၆ မျိုးခွဲခြား စိစစ်နိုင်ခဲ့သည်။

အမုန်းစကားဖြင့် ဦးတည်တိုက်ခိုက်ခံရမှုတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ (PDF) က ၃၁ရာခိုင်နှုန်းဖြင့် အများဆုံးဖြစ်ပြီး၊ ဒုတိယအများဆုံးမှာ ဒေါ်အောင်ဆန်းစုကြည် ၁၇ရာခိုင်နှုန်းနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ၁၁ရာခိုင်နှုန်းတို့ ဖြစ်ကြသည်။

အဓိက ဖြစ်စဉ်လေ့လာချက်

စစ်ကော်မရှင်ဝါဒဖြန့်သူများသည် လက်နက်ကိုင်တော်လှန်ရေးတွင် ပါဝင်နေသော အမျိုးသမီးများနှင့် ရခိုင်အမျိုးသမီးများကို ၎င်းတို့၏ ဖြစ်တည်မှုအပေါ် အခြေပြု၍ ကြမ်းတမ်းရိုင်းစိုင်းသော လိင်ပိုင်းဆိုင်ရာ နိုင့်ထက်စီးနင်း အသုံးအနှုန်းများဖြင့် တိုက်ခိုက်ခဲ့ကြသည်။

၎င်းအပြင် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏မိခင် ဒေါ်ခင်ကြည်တို့အပေါ်တွင်လည်း ဂုဏ်သိက္ခာကျဆင်းစေရန် ရည်ရွယ်ချက်ရှိရှိ ဇာတ်ကြောင်းများ ဖန်တီး၍ အပုပ်ချခဲ့ကြသည်။

ထို့ပြင် အာဏာသိမ်းစစ်တပ်၏ အုပ်ချုပ်ရေးကို ဆန့်ကျင်သော သရုပ်ဆောင် သက်မွန်မြင့်နှင့် အမျိုးသားစာပေဆုရှင် စာရေးဆရာ ဦးတင်ညွန့်တို့အား တိုင်းပြည်ဖျက်ဆီးသူ အပြစ်သားများ အဖြစ် ပုံဖော်ခဲ့ကြသည်။ ဆရာတင်ညွန့်သည် ဧပြီလ ၂၃ ရက်နေ့တွင် ဖမ်းဆီးခြင်းခံခဲ့ရပြီး၊ တပ်လော်ဘီများက ၎င်း၏စာပေများသည် စာအဆိပ်အတောက် ဖြစ်သည်ဟု စွပ်စွဲကာ ဖမ်းဆီးမှုကို ဂုဏ်ယူဝမ်းမြောက်ကြောင်း ဖော်ပြခဲ့ကြသည်။

သရုပ်ဆောင်သက်မွန်မြင့် ပါဝင်သည့် ရုပ်ရှင်ဇာတ်ကား ရုံတင်မည့်ကိစ္စတွင်လည်း သူမအား လူသတ်သမားအဖြစ် စွပ်စွဲ၍ ရုပ်ရှင်ကို သပိတ်မှောက်ရန် သွေးထိုးလှုံ့ဆော်ခဲ့ကြသည်။

ထို့အပြင် တိုက်ပွဲအတွင်း ခြေ၊ လက် အင်္ဂါအစိတ်အပိုင်းများ ဆုံးရှုံးခဲ့ရသည့် PDF ရဲဘော်များ၏ ရုပ်ပုံများကို အသုံးပြုကာ ဒုက္ခိတ၊ လူညွန့်တုံးနေသူများ၊ NUG ၏ ပစ်ပယ်ခြင်းခံရသူများ ဟု ယုတ်ရင်းကြမ်းတမ်းစွာ ရေးသား၍ ဝမ်းမြောက်ဝမ်းသာဖြစ်ကြောင်း ဖြန့်ဝေခဲ့ကြသည်။

USDP လွှတ်တော်ကိုယ်စားလှယ် ဘူးလက်လှဆွေနှင့် စစ်တပ်ထောက်ခံသည့် အကောင့်များသည် ရက် ၁၀၀ စီမံကိန်း ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ EAO များနှင့် PDF များ လာရောက်ပူးပေါင်းခြင်းမရှိပါက ဗုံးကြဲတိုက်ခိုက်မည် ဟု ဗွီဒီယိုရုပ်သံဖိုင်များဖြင့် ခြိမ်းခြောက်လွှံဆော်ခဲ့ကြသည်။

ဝါဒဖြန့်မှုများ

ဧပြီလအတွင်း တွေ့ရှိရသော သတင်းတု၊ သတင်းမှား အမျိုးအစားများတွင် ထင်ယောင်ထင်မှားဖြစ်အောင် ပြုလုပ်ခြင်း သည် ၆၄ရာခိုင်နှုန်းဖြင့် အမြင့်မားဆုံး ဖြစ်သည်။ ယင်းနောက်တွင် လုပ်ကြံဖန်တီးထားသော အကြောင်းအရာများ ၁၄ရာခိုင်နှုန်းနှင့် မှားယွင်းသော အကြောင်းအရာ ၁၄ရာခိုင်နှုန်းတို့ ပါဝင်သည်။

MPA အချက်အလက်စစ်ဆေးရေးအဖွဲ့မှ ထင်ရှားသော ဖြစ်စဉ် ၃ ခုကို အောက်ပါအတိုင်း Fact-Check ပြုလုပ် ဆန်းစစ်ထားပါသည်။

ဖြစ်စဉ် ၁အနေဖြင့် တော်လှန်အနုပညာရှင် မြနှင်းရည်လွင်သည် PDF တပ်တွင်း ခွဲခြားဆက်ဆံမှုများကြောင့် စစ်ခေါင်းဆောင်ထံ အလင်းဝင်ရန် အသနားခံစာ တင်ထားသည်ဟု Sandarkhaing Myal အကောင့်မှ ဖြန့်ဝေ၊ လုပ်ကြံဖန်တီးထားသည့် သတင်းအမှားသာ ဖြစ်သည်။ မြနှင်းရည်လွင်၏ ကိုယ်ပိုင်အကောင့်ကို စစ်ဆေးရာတွင် ၎င်းကဲ့သို့ ရေးသားထားခြင်းမရှိဘဲ တော်လှန်ရေးကို ဆက်လက်ထောက်ခံကြောင်း ပိုစ့်တင်ထားသည်ကို တွေ့ရသည်။

ဖြစ်စဉ် ၂ အဖြစ် Nay Shine Aung အကောင့်မှ သေနတ်ကိုင်ဆောင်ထားသူများပါဝင်သည့် အလှူပွဲဓာတ်ပုံကို သုံး၍ PDF များ ဆက်ကြေးလာကောက်နေကြောင်း ရေးသားပြီး စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကို သွေးထိုးထားသည်။

Reverse Image Search ဖြင့် စစ်ဆေးရာ အဆိုပါဓာတ်ပုံမှာ တမူးခရိုင်၊ အမှတ် (၂) တပ်ရင်းက တိုက်ပွဲဝင်ရင်း ကျဆုံးသွားသည့် ရဲဘော် ၁၂ ဦးအတွက် ရည်စူးပြုလုပ်ခဲ့သည့် ရှင်ပြုအလှူပွဲဓာတ်ပုံသာ ဖြစ်ကြောင်း တိုက်ဆိုင်စစ်ဆေးတွေ့ရှိရသည်။

ဖြစ်စဉ် ၃ အနေဖြင့် Thazin Oo အမည်ရှိ တပ်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ဘူးသီးတောင်ရှိ မွတ်ဆလင်နေအိမ်များကို AA က မီးရှို့နေကြောင်း ဓာတ်ပုံများနှင့်တကွ ဖြန့်ဝေပြီး လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခဖြစ်စေရန် လှုံ့ဆော်ခဲ့သည်။

Border News Agency၊ Narinjara နှင့် Arakan Princess Media တို့၏ ဖော်ပြချက်အရ ၎င်းဖြစ်စဉ်သည် ဧပြီ ၂၆ ရက်က ဖြစ်ပွားခဲ့သော လူနေအိမ်မီးလောင်မှုဖြစ်ပြီး၊ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ (AA) နှင့် ပြည်သူများ ပူးပေါင်း၍ မီးငြိမ်းသတ်ပေးခဲ့ရခြင်း ဖြစ်သည်။

ခြုံငုံသုံးသပ်ချက်

၂၀၂၆ ခုနှစ်၊ ဧပြီလအတွင်း တွေ့ရှိရသော ဒီဂျစ်တယ်စာမျက်နှာ၏ ဝါဒဖြန့်ချိမှုပုံစံသည် အချက်အလက်အမှားများကို သာမန်ဖြန့်ဝေခြင်းထက် ပိုမိုနက်ရှိုင်းလာသည်။ စစ်ရေးပဋိပက္ခပြင်းထန်မှုများ (ဥပမာ- ကရင်ပြည်နယ် ဝေါလေဘုန်းကြီးကျောင်း စစ်တပ်ဗုံးကြဲမှုကြောင့် မီးလောင်ခြင်းကို KNU က ရှို့သည်ဟု ပုံပြောင်းခြင်း) ကို ဘာသာရေးနှင့် လူမျိုးရေးပွတ်တိုက်မှုများအသွင်သို့ စနစ်တကျ ပြောင်းလဲဖန်တီးနေခြင်း ဖြစ်သည်။

အထူးသဖြင့် တော်လှန်ရေးတွင် ပါဝင်သော အမျိုးသမီးများ၏ ဂုဏ်သိက္ခာကို ချနင်းခြင်း၊ ထိခိုက်ကျဆုံးသွားသော ရဲဘော်များ၏ မသန်စွမ်းမှုကို လှောင်ပြောင်ခြင်းနှင့် ပြည်တွင်းရှိ အနုပညာရှင်၊ စာရေးဆရာများကို အငြိုးအတေးဖြင့် ရန်ရှာဖမ်းဆီးခြင်းတို့သည် စစ်ကော်မရှင်၏ စိတ်ဓာတ်စစ်ဆင်ရေး တစ်စိတ်တစ်ပိုင်း ဖြစ်သည်။

ထို့ကြောင့် ပြည်သူလူထုအနေဖြင့် ဆိုရှယ်မီဒီယာပေါ်ရှိ သတင်းများကို ဖတ်ရှုရာတွင် စစ်ကော်မရှင် ဝါဒဖြန့်အကောင့်များ၏ လှုံ့ဆော်မှုနောက်သို့ မပါသွားစေရန် တွေးပြီးမှယုံသည့် အလေ့အကျင့်ဖြင့် လွတ်လပ်သော သတင်းမီဒီယာများ၏ အချက်အလက်စစ်ဆေးချက်များကို အစဉ်တစိုက် ဂရုပြုစောင့်ကြည့်ကြရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

စာတည်း-ကိုဆန်း

Ref: ၂၀၂၆ ခုနှစ်၊ ဧပြီလအတွင်း ဖြစ်ပွားခဲ့သော အမုန်းစကားနှင့် သတင်းတု/မှား စောင့်ကြည့်လေ့လာခြင်း အစီရင်ခံစာ