ဈေးဆိုင်တန်းကို ဗုံးကြဲပြီး KNU ဂိတ်ကို ဗုံးကြဲဟု စစ်လော်ဘီများ သတင်းအမှားဖြန့်

ကျိုက်ဒုံမြို့အထွက် KNU ဂိတ်တစ်ခုကို စစ်တပ်က ဗုံးကြဲရှင်းလင်းရာ လေးဦးသေဆုံးဆိုသည့် အကြောင်း အရာသည် စစ်ကော်မရှင်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့လျက်ရှိသည်။

“Nwaymaung News” တယ်လီဂရမ်ချန်နယ်က မေ ၂၅ ရက် နံနက် ၇ နာရီ ၅၅ မိနစ်တွင် ကြာအင်းဆိပ် ကြီး၊ ကျိုက်ဒုံမြို့အထွက်က KNU ဂိတ်တစ်ခုကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ လေးဦး သေဆုံးသွားကြောင်း ဓာတ်ပုံများနှင့်တကွ ဖြန့်ဝေထားခြင်းဖြစ်သည်။

မူရင်းသတင်းအမှားလင့်ခ် >>> https://archive.ph/EUuml

အဆိုပါ အကြောင်းအရာကို “Snow Queen, Min Din” အပါအဝင် အခြားစစ်တပ်ဝါဒဖြန့်တယ်လီဂရမ် ချန်နယ်များက ကူးယူဖော်ပြခဲ့သဖြင့် ပျံ့နှံ့မှုများပြားနေသည်။

တယ်လီဂရမ်တွင် ပျံ့နှံ့နေသော သတင်းအမှားလင့်ခ်များ >>>
Snow Queen – https://archive.ph/au3Lv
Min Din – https://archive.ph/IaXb3

အထက်တွင် ပျံ့နှံ့နေသော အကြောင်းအရာများနှင့် ပတ်သက်၍ Myanmar Fact-Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက် စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း တွေ့ရှိခဲ့သည်။

သတင်းစိစစ်ချက်

တယ်လီဂရမ်တွင် ပျံ့နှံ့နေသော ဓာတ်ပုံများကို Google Lens ဖြင့် စစ်ဆေးကြည့်ရာ “KIC” သတင်းဌာန၌ ဖော်ပြထားသော ဓာတ်ပုံများနှင့် ထပ်တူညီနေသည်။

KIC တွင် မေလ ၂၄ ရက်က ကရင်အမျိုးသားအစည်းအရုံး(KNU) ဒူးပလာယာခရိုင်၊ တပ်မဟာ ( ၆ ) နယ် မြေ၊ ကျိုက်ဒုံမြို့အဝင် ဘုရားတောင်ဘက်ခြမ်း တံတားအနီးရှိ စားသောက်ဆိုင်တန်းများ ရှိရာနေရာကို စစ် အုပ်စု လေယာဉ် ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း၊ ဗုံးဒဏ်ကြောင့် အမျိုးသမီး သုံးဦး သေဆုံးပြီး တစ်ဦး ပြင်း ထန်စွာ ဒဏ်ရာရရှိသွားကြောင်း၊ လူနေအိမ်နှင့် အဆောက်အအုံ သုံးလုံးထက်မနည်း ထိခိုက်ပျက်စီး ခဲ့ ကြောင်း ဖော်ပြထားသည်။

အပြည့်အစုံကြည့်ရန် >>> https://bitly.cx/3Gpe2

Google တွင် “ကျိုက်ဒုံ ဈေးဆိုင်တန်း လေကြောင်းဗုံးကြဲခံရ” ဆိုသည့် စကားလုံးဖြင့် ရှာဖွေကြည့်ရာ “Radio NUG” နှင့် “မြို့တော်” သတင်းဌာနတို့က သတင်းဖော်ပြထားသည်။

သတင်းမီဒီယာများတွင် မေလ ၂၄ ရက်နေ့က KNU တပ်မဟာ ( ၆ ) နယ်မြေ၊ ကျိုက်ဒုံမြို့အဝင် ဘုရား တောင်ဘက်ခြမ်း တံတားအနီးရှိ စားသောက်ဆိုင်တန်းများ ရှိရာ လူနေရပ်ကွက်အတွင်းကို စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ခိုက်မှုအတွင်း အမျိုးသမီး သုံးဦး ပွဲချင်းပြီး သေဆုံးကာ၊ အမျိုးသမီး တစ်ဦး ပြင်းထန်စွာဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားသည်။

အပြည့်အစုံကြည့်ရန် >>>
Radio NUG – https://bitly.cx/9SNP
မြို့တော် – https://bitly.cx/Ww6B

ကရင်အမျိုးသား အစည်းအရုံး(KNU) ဒူးပလာယာခရိုင်၏ လူမှုကွန်ယက် စာမျက်နှာတွင်လည်း အဆိုပါ လေကြောင်းတိုက်ခိုက်မှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ထားသည်။

ထုတ်ပြန်ချက်တွင် မေလ ၂၄ ရက် နေ့လည် ၁၂ နာရီခွဲ တွင် ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေ အုပ်ချုပ်န​ယ်မြေ၊ ဒူးပလာယာခရိုင်၊ ကျိုက်ဒုံမြို့အဝင် တံတား၏ တစ်ဖက်ကမ်းဖြစ်သော နို့တကောမြို့နယ် အတွင်းရှိ ပြည်သူနေအိမ်များကို စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲခဲ့ရာ အမျိုးသမီး သုံးဦး သေဆုံးပြီး နှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားသည်။

အပြည့်အစုံကြည့်ရန် >>> https://bitly.cx/WelJ5

သုံးသပ်ချက်

သတင်းမီဒီယာများတွင် ကျိုက်ဒုံမြို့အဝင် စားသောက်ဆိုင်တန်းများရှိရာ လူနေရပ်ကွက်အတွင်းကို စစ်တပ် က ဗုံးကြဲခဲ့ရာ အမျိုးသမီး သုံးဦး သေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားသည်။

ထို့ကြောင့် စစ်တပ်လော်ဘီတယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့နေသော “KNU ဂိတ်စခန်းကို စစ်တပ်က ဗုံးကြဲရာ လေးဦး သေဆုံး” ဆိုသော အကြောင်းအရာသည် သတင်းအမှားဖြစ်သည်။

ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။