ပခုက္ကူမြို့ပေါ်တွင် လူလတ်ပိုင်းအမျိုးသားများကိုပါ ပေါ်တာဆွဲ

ဓာတ်ပုံ- MOI
ပုံစာ- ပခုက္ကူမြို့ အမှတ်(၁)မြို့မဈေး

မကွေးတိုင်း၊ပခုက္ကူမြို့ပေါ်တွင် လူလတ်ပိုင်းအရွယ်အမျိုးသားများကိုပါ ပေါ်တာဆွဲနေကြောင်း သိရသည်။

မေလ၁၃ရက်ဝန်းကျင်မှစတင်ကာ ပခုက္ကူမြို့ပေါ်တွင် နေ့ရောညပါ ပေါ်တာဆွဲနေပြီး အယောက် ၃၀ထက်မနည်း ဖမ်းဆီးခံထားရသည်ဟု ခန့်မှန်းကြောင်း အသက်၅၀ကျော်အရွယ်ရှိ ပခုက္ကူမြို့သား တစ်ဦးထံက သိရသည်။

“၅၀ကျော်လည်း ဆွဲပါတယ်။ကြားသတင်းကို ပြောတာမဟုတ်ဘူး။ ၅၀ကျော်တစ်ယောက် အဆွဲခံရ ပြီးတော့ ပိုက်ဆံပေးပြီး တောင်းပန်ခယလို့ ပြန်လွတ်လာတာ ရှိတယ်။လုံခြုံရေးအရ အတိအကျ မပြောတာပါ”ဟု ၎င်းက MPAသို့ပြောသည်။

ငွေမည်မျှ ပေးရသလဲဆိုသည်ကိုလည်း လုံခြုံရေးအရဟုဆိုကာ ထုတ်ဖော်ပြောကြားခြင်း မရှိပေ။

“ပုံမှန်လူငယ်တွေကတော့ ပေါ်တာပါသွားရင် သိန်း၁၅၀လောက် ပေးတာတောင် အခု မေ၂၀ လောက်ကစပြီး စစ်မှုထမ်းလူလိုနေလို့ မရဘူးလို့ ထွေအုပ်ဘက်ကနေ သိရတယ်”ဟု ၎င်းက ဆက်လက်ပြောသည်။

အသက်၄၀ကျော်အရွယ် အမျိုးသားများမှာ စစ်မှုထမ်းအသက်ထက် ကျော်လွန်နေပြီဖြစ်၍ ပေါ်တာမ ဆွဲလောက်ဟု ထင်ကာ သတိလက်လွတ် အပြင်ထွက်ရာမှ ဖမ်းဆီးခံရခြင်းဖြစ်ပြီး ငွေမပေးနိုင်သည့် သက်လတ်ပိုင်းများ စစ်မှုထမ်းထဲသို့ ရောက်နိုင်ကြောင်း ၎င်းက ဆိုသည်။

“အခုမြို့ပေါ်မှာ ယောကျာ်းလေးတွေ အပြင်မှာ လုံးဝမရှိသလောက်နီးပါးပဲ။ မြို့ပြင်က မြို့ထဲမှာ အ လုပ်လာလုပ်တဲ့သူတွေလည်း မလာရဲဘူး”ဟု ၎င်းက ပြောသည်။

ရွာများဘက်မှ ပခုက္ကူမြို့ပေါ်သို့ ဈေးတက်ဝယ်သူအရေအတွက်လည်း ထိုးကျသွားပြီး အမျိုးသမီး များသာ လာဝယ်ကြကြောင်း သိရသည်။