တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးသည် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ ပြုလုပ်သော ရေကြောင်းနှင့် လေကြောင်းလူငယ်သင်တန်းသား၊ သင်တန်းသူများနှင့် တွေ့ဆုံပွဲတွင် ဆိုရှယ်မီဒီယာကို အဆိပ်အတောက်ဖြစ်စေသည့်အရာဟု အပြစ်ဖို့ကာ ၎င်းတို့၏ စစ်အာဏာရှင်စနစ်ကို ကာကွယ်ရန်အတွက် ဝါဒဖြန့်စကားများ ပြောကြားခဲ့ကြောင်း သိရသည်။
၎င်း၏ အမှာစကားတွင် စာပေသည် လူသားတို့၏ နှလုံးသားကို သွန်သင်ဆုံးမပေးနိုင်သည့် ဆရာတစ်ဆူဖြစ်သကဲ့သို့ ဘဝများကို ထိန်းကျောင်းပြုပြင်ပေးနိုင်သည့် မိတ်ဆွေအရင်းအချာတစ်ဦးဖြစ်ကြောင်း၊ ထို့ကြောင့် မိမိနှလုံးသား၊ မိမိဘဝ၊ မိမိလူမျိုးနှင့် မိမိနိုင်ငံအတွက် နှလုံးအာဟာရကောင်းများ ပေးစွမ်းနိုင်သည့် အကျိုးပြုစာပေများကို ရွေးချယ်ဖတ်ရှုကြရန် လိုအပ်ကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။
ထို့ပြင် လက်ရှိအချိန်တွင် လူမှုကွန်ရက် (Social Media) အင်အားကြီးထွားလာမှုကြောင့် အဆိပ်သင့်စာပေများနှင့် အဆိပ်သင့်သတင်းများသည် နေရာအနှံ့အပြားမှ ပျံ့နှံ့စိမ့်ဝင်နေသည်ကို မျက်ဝါးထင်ထင် တွေ့မြင်နေရကြောင်း၊ မျိုးဆက်သစ်လူငယ်များသည် စာအုပ်စာပေများနှင့် တဖြည်းဖြည်း ဝေးကွာလာခဲ့ကြပြီး ဆိုရှယ်မီဒီယာများနှင့် ပိုမိုနီးစပ်သွားကြသည်ဟု စစ်ခေါင်းဆောင်သစ် ရဲဝင်းဦးက စွပ်စွဲပြောဆိုခဲ့သည်။
အဆိုပါ ဆိုရှယ်မီဒီယာများမှတစ်ဆင့် ပျံ့နှံ့လာသော အဆိပ်သင့်သတင်းများနှင့် အဆိပ်သင့်စာပေများသည် မျိုးဆက်သစ်လူငယ်များ၏ နှလုံးသားနှင့် အသိတရားကို အင်အားကြီးမားစွာဖြင့် ချေမွဖျက်ဆီးပစ်နိုင်သည်ကို လူငယ်များအားလုံး သတိပြုဆင်ခြင်ကြရန် လိုအပ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။
“စစ်ကော်မရှင်က ထုတ်လွှင့်နေတဲ့ ဝါဒဖြန့် သတင်းတွေကို လူတွေက မယုံတော့ဘူးလေ၊ ပြည်သူတွေက ဆိုရှယ်မီဒီယာကနေ တဆင့် အမှားလားအမှန်လား သိရှိနေကြပြီ၊ အဲ့ဒါကြောင့် ရဲဝင်းဦးက ဆိုရှယ်မီဒီယာကို အပြစ်ဖို့နေတာ၊ ဆိုရှယ်မီဒီယာဆိုတာက သင်ယူနိုင်ရင် ပညာရတယ်။ မသင်ယူနိုင်ရင်တော့ လမ်းမှားရောက်တာပဲလေ၊ လူငယ်တွေက အမှားအမှန်ပိုင်းခြားသိကြပါတယ်” ဟု အသက် ၄၀အရွယ် အမျိုးသားတစ်ဦးက မှတ်ချက်ပြုသည်။
ယနေ့ခေတ် လူငယ်မောင်မယ်တို့ကြားတွင် စာဖတ်သည့် အလေ့အထကောင်းများ ရှားပါးလာသည်ကို တွေ့မြင်လာရသဖြင့် စာပုံမှန်ဖတ်ဖြစ်သည့် အလေ့အကျင့်တစ်ခုကို စတင်ပျိုးထောင်သွားကြရန်လိုကြောင်း၊ အကျိုးပြုစာပေမျိုးစုံကို ဖတ်ရှုလေ့လာနိုင်လာသည်နှင့်အမျှ မိမိနှစ်သက်စိတ်ဝင်စားရာ စာပေအမျိုးအစားကို မိမိနှလုံးသားက ပိုင်းခြားဆုံးဖြတ်ပေးသွားမည်ဖြစ်ကြောင်း ရဲဝင်းဦးက ဆိုသည်။
တက်ကြွလှုပ်ရှားသူတစ်ဦးက “စစ်တပ်ဟာ ခေတ်အဆက်ဆက် သတင်းအမှောင်ချပြီး ပြည်သူကို ဂျာနယ်တွေ၊ အစိုးရသတင်းစာတွေကတစ်ဆင့် သူတို့အလိုကျ ဝါဒဖြန့်စာပေတွေပဲ ဖတ်ခိုင်းခဲ့တာ။ အခု ဆိုရှယ်မီဒီယာခေတ်မှာ လူငယ်တွေက မြေပြင်အခြေအနေမှန်နဲ့ စစ်တပ်ရဲ့ မတရားမှုတွေကို ချက်ချင်းသိမြင်လာကြလို့ ဒါကို အဆိပ်အတောက်ဆိုပြီး ခေါင်းစဉ်တပ် ပိတ်ဆို့ချင်နေတာဖြစ်တယ်” ဟု ပြင်းပြင်းထန်ထန် ဝေဖန်သည်။
အလားတူ လူငယ်ရေးရာ လှုပ်ရှားသူတစ်ဦးကလည်း စစ်တပ်က လူငယ်များကို ရေကြောင်း၊ လေကြောင်း သင်တန်းများအမည်ခံကာ နေပြည်တော်သို့ ခေါ်ယူပြီး စစ်အာဏာရှင်စနစ် ရေရှည်တည်တံ့ရေးအတွက် စိတ်ဓာတ်ပိုင်းဆိုင်ရာ မှိုင်းတိုက်ဝါဒဖြန့်မှုကို စနစ်တကျ ပြုလုပ်နေခြင်းသာဖြစ်ကြောင်း ထောက်ပြပြောဆိုသည်။
စစ်တပ်သည် ၎င်းတို့၏ ပုံရိပ်ပျက်ပြားစေမည့် မြေပြင်စစ်ရှုံးသတင်းများနှင့် စစ်သားစုဆောင်းမှုဆိုင်ရာ သတင်းအမှန်များကို အဆိပ်သင့်သတင်းများဟု သတ်မှတ်ကာ ပြည်သူများနှင့် လူငယ်များ ကြည့်ရှုခွင့်မရစေရန် လူမှုကွန်ရက်စာမျက်နှာများကို နည်းမျိုးစုံဖြင့် ပိတ်ဆိုလျက်ရှိသည်။
