နိုင်ငံခြားသားများနှင့် သံတမန်များ ယူကရိန်းမြို့တော်မှ ထွက်ခွာကြရန် ရုရှားသတိပေး

ဓာတ်ပုံ - AP
ပုံစာ - ၂၀၂၆ ခုနှစ်၊ မေလ ၂၄ ရက် နံနက်စောစောပိုင်းက ယူကရိန်းနိုင်ငံ ကိဗ်မြို့ကို ရုရှားက တိုက်ခိုက်ခဲ့ပြီးနောက် မီးလောင်နေသော ကုန်သွယ်ရေးစင်တာတစ်ခုကို တွေ့ရစဉ်။

ယူကရိန်းမြို့တော်ရှိ အုပ်ချုပ်ရေး ဗဟိုဌာနများ အပါအဝင် နေရာများကို တိုက်ခိုက်မှုများ ထပ်မံပြုလုပ်ရန် စီစဉ်ထားသောကြောင့် နိုင်ငံခြားသားများနှင့် သံတမန်များ ကိဗ်မြို့မှ ထွက်ခွာကြရန် ရုရှား က မေလ ၂၅ ရက်တွင် သတိပေးလိုက်သည်။

“ဒီတိုက်ခိုက်မှုတွေဟာ ဆုံးဖြတ်ချက်ချမှတ်ရာ ဗဟိုဌာနတွေနဲ့ ကွပ်ကဲမှုဌာနတွေကို ပစ်မှတ်ထားမှာ ဖြစ်ပါတယ်။ သံတမန်ရေးရာဌာနတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက ဝန်ထမ်းတွေအပါအဝင် နိုင်ငံခြားသားနိုင်ငံသားတွေအနေနဲ့ ကိဗ်မြို့ကနေ အမြန်ဆုံး ထွက်ခွာကြဖို့ သတိပေးနှိုးဆော်ပါတယ်” ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တစ်ခုတွင် ဖော်ပြခဲ့သည်။

မေလ ၂၄ ရက်နံနက် အစောပိုင်းက ရုရှားသည် ကိယက်ဗ်မြို့ကို ဒုံးကျည်နှင့် ဒရုန်းများ အမြောက်အမြား အသုံးပြု၍ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ရာ မီးလောင်ကျွမ်းမှုများ ဖြစ်ပွားခဲ့ပြီး နာရီပေါင်းများစွာကြာ ပေါက်ကွဲမှုများကြောင့် အဆောက်အအုံများ တုန်ခါသွားခဲ့သည်။

ဥရောပကော်မရှင်ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလိန်းက “မနေ့ညက ယူကရိန်းအပေါ် ရုရှားရဲ့ အကြီးအကျယ် တိုက်ခိုက်မှုဟာ ရုရှားအစိုးရ ရဲ့ ရက်စက်ကြမ်းကြုတ်မှုနဲ့ လူသားချင်းစာနာမှုရော ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကိုပါ လျစ်လျူရှုထားတာကို ပြသနေပါတယ်။ အရပ်သားတွေအပေါ် အကြမ်းဖက်တာဟာ အင်အားကြီးမားတာကို ပြတာမဟုတ်ပါဘူး။ အားကိုးရာမဲ့ စိတ်ပျက်နေတာကို ပြတာပါ” ဟု ဆိုသည်။

ဥရောပသမဂ္ဂ (EU) အနေဖြင့် ယူကရိန်း၏ လေကြောင်းရန်ကာကွယ်ရေးစနစ်များကို ပိုမိုအားကောင်းလာစေရန် ပံ့ပိုးကူညီမှုများ ထပ်မံပေးပို့နေကြောင်းလည်း ၎င်းက လူမှုကွန်ရက်ပေါ်တွင် တင်ထားသည့် ထုတ်ပြန်ချက်တစ်ခု၌ ပြောကြားခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုများကြောင့် ၂၀၂၂ ခုနှစ် ရုရှားကျူးကျော်မှု စတင်ကတည်းက ကိဗ်မြို့ရှိ ယဉ်ကျေးမှုဆိုင်ရာ အဆောက်အအုံ အရေအတွက် အများဆုံး ပျက်စီးခဲ့ရကြောင်း ယူကရိန်း ယဉ်ကျေးမှုဝန်ကြီး တက်တျာနာ ဘီရက်ဇ်နာက ပြောကြားခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် သမိုင်းတွင် အဆိုးရွားဆုံး နျူကလီးယားမတော်တဆမှုဖြစ်သည့် ၁၉၈၆ ခုနှစ် Chernobyl ဘေးအန္တရာယ်ဆိုင်ရာ ပြတိုက်မှာလည်း ပျက်စီးသွားခဲ့သလို မြို့တော်၏ ရှေးအကျဆုံး ဈေးကြီးတစ်ခုလည်း မီးလောင်ပြာကျသွားခဲ့သည်။

ရုရှားသည် ယခုတိုက်ခိုက်မှုတွင် ဒရုန်းအစင်းရေ ၆၀၀ နှင့် နျူကလီးယားထိပ်ဖူး တပ်ဆင်နိုင်သည့် စွမ်းအားပြင်း ဟိုက်ပါဆိုးနစ် ပဲ့ထိန်းဒုံးကျည် အမျိုးအစားဖြစ်သော “အိုရက်ရှ်နစ်” (Oreshnik) အပါအဝင် ဒုံးကျည်စင်းရေ ၉၀ ကို အသုံးပြုခဲ့ကြောင်း ယူကရိန်း လေတပ်က ပြောကြားခဲ့သည်။