ကမ္ဘောဒီးယားနိုင်ငံ၏ ယာယီနိုင်ငံတော်အကြီးအကဲဖြစ်သူ ဝန်ကြီးချုပ်ဟောင်း ဟွန်ဆင်က နိုင်ငံတော်သစ္စာဖောက်မှုဖြင့် ထောင်ဒဏ် ၂၇ နှစ် ချမှတ်ခံထားရသည့် အတိုက်အခံခေါင်းဆောင် ကမ်ဆိုခါကို မေလ ၂၅ ရက်တွင် လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်သည်။
ကမ္ဘောဒီးယား၏ ယခင် အစိုးရကို ဖြုတ်ချရန် ကြိုးပမ်းမှုဖြင့် ပြစ်ဒဏ် ချမှတ်ခံခဲ့ရသည့် ကမ်ဆိုခါကို “လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်သည်” ဟု ဟွန်ဆင်က ၎င်းကိုယ်တိုင် လက်မှတ်ရေးထိုးထားသည့် တော်ဝင်အမိန့်ဒီကရီတစ်ခုနှင့်အတူ လူမှုကွန်ရက်ပေါ်တွင် ရေးသားဖော်ပြခဲ့သည်။
ကမ္ဘောဒီးယားနိုင်ငံကို ဆယ်စုနှစ် လေးခုနီးပါး အုပ်ချုပ်ခဲ့သည့် ဟွန်ဆင်သည် ၂၀၂၃ ခုနှစ်တွင် ဝန်ကြီးချုပ်ရာထူးမှ နှုတ်ထွက်ခဲ့ပြီး ၎င်း၏ သားအကြီးဆုံးဖြစ်သူ ဟွန်မာနက်ထံသို့ အာဏာလွှဲပြောင်းပေးခဲ့သည်။
သို့သော် ဟွန်ဆင်သည် အထက်လွှတ်တော်ဥက္ကဋ္ဌအဖြစ် ရှိနေဆဲဖြစ်ပြီး အမျိုးသားနိုင်ငံရေးတွင် သြဇာညောင်းသူတစ်ဦးအဖြစ် ဆက်လက်ရှိနေသည့်အပြင် ဘုရင် နိုရိုဒွန် သီဟာမုနိ နိုင်ငံရပ်ခြားတွင် ဆေးကုသမှုခံယူနေစဉ်အတွင်း ယာယီနိုင်ငံတော်အကြီးအကဲအဖြစ် တာဝန်ယူထားသူ ဖြစ်သည်။
အသက် ၇၂ နှစ်အရွယ်ရှိ ကမ်ဆိုခါသည် ၂၀၁၇ ခုနှစ်တွင် နိုင်ငံတော်သစ္စာဖောက်မှု စွဲချက်များဖြင့် ဖမ်းဆီးခြင်းခံခဲ့ရပြီး ခြောက်နှစ်အကြာတွင် ပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရသော်လည်း မြို့တော် ဖနွမ်းပင်ရှိ ၎င်း၏နေအိမ်တွင်သာ နေအိမ်အကျယ်ချုပ်ဖြင့် ပြစ်ဒဏ်ကျခံရန် အမိန့်ချမှတ်ခြင်းခံခဲ့ရသည်။
ကမ်ဆိုခါသည် ဖျက်သိမ်းခံလိုက်ရသည့် အတိုက်အခံ ကမ္ဘောဒီးယားအမျိုးသားကယ်တင်ရေးပါတီ (CNRP) ၏ ပူးတွဲတည်ထောင်သူဖြစ်ပြီး ၎င်းအပေါ် စွဲချက်တင်ထားမှုများကို အကြိမ်ကြိမ် ငြင်းဆိုခဲ့သည်။
ကမ်ဆိုခါသည် ယခုအခါ နေအိမ်အကျယ်ချုပ်မှသာ လွတ်မြောက်ခြင်း ဖြစ်ပြီး ရာထူးတာဝန်ယူခွင့်နှင့် မဲပေးပိုင်ခွင့် အပါအဝင် နိုင်ငံရေးအခွင့်အရေးများကိုမူ အပြီးတိုင် ရုပ်သိမ်းထားဆဲဖြစ်ကြောင်း ၎င်း၏ ရှေ့နေ ဖန်ဟန်းက AFP သတင်းဌာနသို့ ပြောကြားသည်။
ထို့အပြင် မေလ ၂၅ ရက်က ထုတ်ပြန်ခဲ့သည့် လွတ်ငြိမ်းချမ်းသာခွင့်သည် အယူခံတရားရုံးက ထပ်တိုးချမှတ်ထားသည့် ကမ်ဆိုခါအား ငါးနှစ်ကြာ နိုင်ငံပြင်ပသို့ ထွက်ခွာခွင့်ပိတ်ပင်ထားသည့် အပိုဆောင်းပြစ်ဒဏ်ကိုမူ ပယ်ဖျက်ပေးခြင်းမရှိကြောင်း တော်ဝင်အမိန့်ဒီကရီတွင် ဖော်ပြထားသည်။
