ချင်း​ပြည်တောင်ပိုင်းတွင် မိုးများ၍ ပိုးကျခြင်းကြောင့် ပြောင်းနှင့်ဆပ်ဝါခင်းများ ပျက်စီးပြီး နောက်နှစ်အတွက် မျိုးပင်မရဖြစ်နေ

ဓာတ်ပုံ-ပေးပို့ ပုံစာ- ချင်းပြည်နယ်အတွင်းရှိ စိုက်ခင်းတစ်ခု

By Garcia Ni / MPA

ချင်းပြည်တောင်ပိုင်း၊ မင်းတပ်မြို့နယ်နှင့် ကန်ပက်လက်မြို့နယ်များတွင် မိုးများ၍ ပိုးကျခြင်းများကြောင့် ပြောင်းနှင့်ဆပ်ဝါခင်း အများအပြားပျက်စီးပြီး နောက်နှစ်အတွက် မျိုးပင်ပြန်လည်မရရှိနိုင်ဖြစ်နေကြောင်း သိရသည်။

မင်းတပ်မြို့နယ်တွင် ယခုအချိန်ထိ မိုးများနေပြီး ပြောင်းနှင့်ဆပ်ဝါများ အစေ့အောင်လာသည့်ချိန်မှစ၍ ပိုးကျနေခြင်းကြောင့် တိုက်နယ်အမှတ်(၁)ရှိကျေးရွာအချို့တွင် မျိုးပင်မရနိုင်ဖြစ်နေကြောင်း မင်းတပ်ဒေသခံတောင်သူတစ်ဦးက MPAကိုပြောသည်။

” အကုန်လုံးပိုးတွေကျနေတယ်။ တချို့ရွာတွေဆိုရင် နောက်နှစ်အတွက်မျိုးတောင်ရမှာမဟုတ်ဘူး။ အရင်နှစ်က အဲ့ဒီလိုကြီးမရှိဘူး။ ဒီနှစ်ကျမှ အဲ့လိုကြီးဖြစ်နေတာ။ ဆပ်နီ၊ ဆပ်ဝါ၊ ပြောင်း အကုန်လုံးပေါ့လေ”ဟု ၎င်းကဆိုသည်။

ယင်းအပြင် ကန်ပက်လက်မြို့နယ်တွင်လည်း တနယ်လုံးနီးပါး ပြောင်းခင်းများပိုးကျပျက်စီးနေပြီး နောက်နှစ်အတွက် စားဝတ်နေရေးပိုမိုခက်ခဲလာမည်ကို စိုးရိမ်နေကြရကြောင်း ကန်ပက်လက်ဒေသခံတောင်သူတစ်ဦးက MPAကို ပြောသည်။

” ဒီဘက်မှာတော့ ပြောင်းစားတဲ့လူတွေလည်းများတာပေါ့နော။ ပြောင်းကိုဆန်လုပ်ပြီးစားတဲ့သူလည်းများတယ် ကျ​တော်တို့ဒေသမှာတော့။ တချို့ကလည်း ဆန်ဝယ်ပြီးစားတာပေါ့နော။ ဒီဘက်မှာတော့ ပြောင်းစိုက်ကြပြီးမှပဲ ပြောင်းကိုအမျိုးမျိုး​ပြန်လုပ်ပြီးမှ ပြန်ရောင်းပြီးမှ ဆန်ပြန်ဝယ်ရတာဆိုတော့ ဒီဘက်ဒေသအတွက်တော်တော်လေးခက်ခဲတယ်”ဟု ၎င်းကဆိုသည်။

ယခုအချိန်သည် ဆပ်ဝါရိတ်သိမ်းချိန်ဖြစ်ပြီး ဆပ်နီမှာအပင်ရင့်သန်ဆဲကာလဟုသိရပြီး ဆပ်ဝါနှင့်ပြောင်းများ ပိုးကျပျက်ဆီးခြင်းကြောင့် ချင်းပြည်တောင်ပိုင်းဒေသခံပြည်သူများအတွက် စားဝတ်နေရေးပိုမိုခက်ခဲလာနိုင်ကြောင်း သိရသည်။

ယင်းအပြင် ပြောင်းနှင့်ဆပ်ဝါများမှာ ချင်းပြည်တောင်ပိုင်းရှိ တိရစ္ဆာန်မွေးမြူရေးလုပ်ငန်းအတွက် မရှိမဖြစ်လိုအပ်ပြီး ယခုလိုပိုးကျပျက်စီးခြင်းများကြောင့် မွေးမြူရေးလုပ်ငန်းများတွင်လည်း ထိခိုက်လာနိုင်သည်ဟုဆိုသည်။

” ဆပ်ဝါက ဆပ်စေးရှိတယ်၊ ဆပ်ကြမ်းရှိတယ်။ အဲ့ဒါကိုလူလည်းစားတယ်။ ရိုးရာခေါင်ချက်လို့လည်းရတယ်။ ကြက်တွေဘာတွေလည်း ကျွေးကြတာမျိုးရှိတယ်”ဟု မင်းတပ်ဒေသခံအမျိုးသားတစ်ဦးက ရှင်းပြသည်။

ချင်းပြည်တောင်ပိုင်းတွင် ဆန်ကိုမြေပြန့်ဒေသမှ အဓိက သယ်ယူစားသုံးကြရပြီး နိုင်ငံရေးအခြေအနေနှင့် လမ်းပမ်းဆက်သွယ်ရေးခက်ခဲမှုများကြောင့် ဆန်အလယ်အလတ်တန်းစား တပြည်လျှင် ခြောက်ထောင့်ငါးရာမှ ခုနစ်ထောင်ကြားပေးဝယ်နေကြရကြောင်းသိရသည်။

” ဆန်က ယောနယ်ကပဲအဓိကရတာ။ ယောဆန်ပေါ့။ တောင်ယာစပါးက ရိုးရာပွဲအတွက်လောက်ပဲစိုက်ကြတော့တာ။ သိပ်မစိုက်ကြတော့ဘူး ” ဟု အထက်ပါအမျိုးသားက ဆက်ပြောသည်။

ချင်းပြည်တောင်ပိုင်းတွင် ပြောင်း၊ ဆပ်ဝါ၊ ဆပ်နီ၊ စပါး၊ ပဲ၊ ဖရုံနှင့်သခွားစသည်ဖြင့် အစုံစိုက်ပျိုးကြပြီး ယခုနှစ်တွင် မိုးများခြင်းနှင့်ပိုးကျခြင်းများအပြင် ကြွက်သောင်းကျန်းမှုများလည်းရှိနေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

စာတည်း-ကိုဆန်း