ရခိုင်မှာ ဆေးဝါးရှားပါးမှုနှင့် ဆရာဝန်နည်းပါးမှု အခက်အခဲများ ကြုံတွေ့နေရ

ဓာတ်ပုံ-MPA

By Hlaing / MPA

အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားသည့် ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၄ မြို့နယ်တွင် ဆေးဝါးရှားပါးမှုနှင့် ဆရာဝန်နည်းပါးမှု အခက်အခဲများ ကြုံတွေ့နေရကြောင်း ဒေသခံများထံမှ စုံစမ်း သိရှိရသည်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှစ၍ စစ်ကောင်စီက ရခိုင်ပြည်နယ်အတွင်းသို့ ကုန်စည်ပို့ဆောင်နိုင်သည့် လမ်းပိုင်းများကို ကန့်သက်ပိတ်ပင်ထား၍ ဒေသတွင်း၌လည်း ဆေးဝါးလိုအပ်ချက်၊ ကုန်စည်လိုအပ်ချက်နှင့် ကုန်စျေးနှုန်းများမှာလည်း မြင့်တက်လျက်ရှိနေသည်။

“ဆေးတွေကတော့ ပြည်မလိုမျိုး အစုံအလင်တော့ မရှိဘူး။ ရှိတာကျတော့လည်း စျေးတွေကမြင့်တယ်။ အဖျားပျောက်ဆေးတစ်ကတ်ကို ၇၀၀၀ လောက်ထိ ပေးရတယ်။ မိုးတွင်းမှာဆို ပစ္စည်းပျက်တတ်တော့ ပိုပြီး စျေးတက်ကြတယ်။ ဆေးတင်မကပါဘူး၊ အစစအရာရာစျေးကြီးတယ်” ဟု ရခိုင်ပြည်နယ်အတွင်း နေထိုင်သည့် အသက် ၄၀ အရွယ် အမျိုးသားတစ်ဦးက MPA သို့ ပြောသည်။

အာရက္ခတပ်တော်(AA) သိမ်းပိုက်ထားသည့် မြို့နယ်များတွင်လည်း အစိုးရဆေးရုံ၊ ပုဂ္ဂိလကဆေးရုံဆေးခန်း အများစုမှာလည်း ပုံမှန်လည်ပတ်နိုင်ခြင်းမရှိတော့ဘဲ ပိတ်သိမ်းထားရသည့်အတွက် ယခုကဲ့သို့ ဆေးဝါးအခက်အခဲ၊ ကျွမ်းကျင်ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းရှားပါးမှုများ တွေ့ကြုံလာရခြင်း ဖြစ်သည်။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ အာရက္ခပြည်သူ့ကျန်းမာရေးဌာနက မင်းပြား၊ ပေါက်တော၊ မြောက်ဦး၊ ပုဏ္ဏားကျွန်းမြို့နယ်တို့တွင် ကွင်းဆင်းဆေးကုသပေးမှုများလည်း လုပ်ဆောင်ပေးနေကြောင်း ဒေသခံများက ဆိုသည်။

“အရင်ကတော့ တိုက်နယ်ဆေးရုံတွေမှာ အဆင်မပြေနိုင်တော့ရင် မြောက်ဦး၊ ကျောက်တော်၊ စစ်တွေ အဲ့ဒီ့မြို့ကြီးတွေမှာ သွားကုလို့ရတယ်။ အခုကတော့ မြို့ကြီးတစ်မြို့မှာပဲ ရမ်းဗြဲဘက်က လူနာတွေပါ လာပြီး ကုသနေရတယ်။ လူနာများပြီး ဆရာဝန်နည်းနေတယ်။ တာဝန်တွေ၊ ဌာနတွေခွဲထားပေမဲ့ ဆေးကုသပေးမဲ့ လူအင်အား နည်းနေတာ” ဟု ရခိုင်ပြည်နယ်ရှိ ဆေးရုံတစ်ရုံတွင် တက်ရောက်ကုသခဲ့သည့် ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။

အဆိုပါ မြို့ကြီးသို့ နယ်ဝေးမှ လာရောက်၍ ဆေးကုသမှုခံယူရသူများအနေဖြင့် ဆေးကုသမှုကုန်ကျစရိတ်ထက် ခရီးသွားလာစရိတ်နှင့် စားသောက်မှုကုန်ကျစရိတ်က ပိုမိုများပြားနေကြောင်း သိရသည်။

တစ်ကျော့ပြန်တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှစ၍ ရခိုင်ပြည်နယ်အတွင်း၌ တာဝန်ကျနေသည့် ဆရာဝန်နှင့် ကျွမ်းကျင်ဆေးဝန်ထမ်းအများစုက ရန်ကုန်၊ မန္တလေး စသည့် ၄င်းတို့၏ မူလဇာတိများကို ပြန်လည်ထွက်ခွာသွားကြကြောင်း သိရသည်။

“ဆေးရုံဆေးခန်းတွေက လုံးဝနီးပါးကို ရှားပါးသွားပြီ။ ပုဂ္ဂလိကဆေးခန်းတစ်ခုဆိုရင် နေ့တိုင်း လူနာတွေ၊ လူနာစောင့်တွေ အများကြီးပဲ။ ဆေးခန်းနားတစ်ဝိုက်က လမ်းမကြီးပေါ်ဆိုလည်း လူအပြည့်ပဲ” ဟု အသက် ၂၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ဆိုသည်။

ထို့ပြင် အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားသည့် မြို့နယ်များတွင် လျှပ်စစ်မီးမရရှိ၍ အအေးခန်းဖြင့် ထားရသည့် ထိုးဆေးများ၊ ကာကွယ်ဆေးများမှာလည်း ပြတ်လပ်မှုများဖြစ်ပေါ်နေသည့်အပြင်၊ ဆေးဝါးရှိပါကလည်း အဆမတန်စျေးပေး၍ ဝယ်ယူသုံးစွဲနေကြရကြောင်း သိရသည်။

“နာတာရှည်လူနာတွေအတွက်က စွဲပြီး သောက်ရမယ့်ဆေးတွေက Expired Date ကြည့်ပြီး ကြိုဝယ်ထားလို့ရပေမဲ့ အအေးပုံးတွေနဲ့ထည့်ထားရတဲ့ ဆေးတွေက အဆင်မပြေဘူးလေ။ မီးစက်နှိုးသိမ်းထားရဖို့ကလည်း ဓာတ်ဆီစျေးတွေက တစ်လီတာကို တစ်သောင်းကျော်တယ်” ဟု မြောက်ဦးမြို့နယ်တွင် နေထိုင်သည့် အမျိုးသားတစ်ဦးက ဆိုသည်။

ရခိုင်ပြည်နယ်အတွက် လိုအပ်သည့် အခြေခံစားသောက်ကုန်၊ စားသုံးဆီ၊ စက်သုံးဆီနှင့် ဆေးဝါးအများစုကို အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ အဓိက တင်သွင်းလျက်ရှိနေသည်။

အာရက္ခတပ်တော်(AA) က နယ်စပ်ကုန်သွယ်ရေးမြို့နယ်များဖြစ်သည့် ဘူးသီးတောင်နှင့် မောင်တောမြို့နယ်အပါအဝင် ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ပုဏ္ဏားကျွန်း၊ တောင်ကုတ်၊ ရသေ့တောင်၊ ပေါက်တော၊ အမ်း၊ သံတွဲ၊ ဂွနှင့် ရမ်းဗြဲမြို့နယ်တို့ကို သိမ်းပိုက်ထားသည်။

စစ်ကောင်စီက ကျောက်ဖြူအထူးစီးပွားရေးဇုန်အပါအဝင် တရုတ်ရေနံနှင့် ဓာတ်ငွေပိုက်လိုင်းများတည်ရှိနေသည့် ကျောက်ဖြူ၊ စစ်တွေနှင့် မာန်အောင်မြို့နယ်တို့ကို ထိန်းချုပ်ထားလျက်ရှိပြီး အာရက္ခတပ်တော်(AA) နှင့်လည်း နေ့စဥ်နှင့်အမျှ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေသည်။

စာတည်း-ကိုဆန်း