By Nway / MPA
ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်တွင် စစ်တပ်ကင်းလှည့်တိုင်း လမ်းပြလိုက်သည့် ရာအိမ်မှူး ပစ်ခတ်ခံရပြီး ပွဲချင်းပြီး သေဆုံးသွားကြောင်းသိရသည်။
စက်တင်ဘာ ၂၀ရက်၊ ည ၉နာရီခွဲခန့်တွင် နတ်တလင်းမြို့နယ်၊ စန်ကြီးလောင့်ရွာ ရာအိမ်မှူး ဇော်မင်းနိုင်ကို သူ့အမေအိမ်၌ ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း သာယာဝတီခရိုင်တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၄ Bamar Revolution Army ထံက သိရသည်။
” သူ့အမေကြီးအိမ်မှာပါ။ အိမ်ထဲမှာ တခြားပြည်သူတွေ တော့ရှိပါတယ်။ သူက ထွက်ပြေးဖို့လုပ် ပါတယ်။ တခြားသူတွေက သူ့မိသားစုတွေဆိုတော့ မလုပ်ဖို့တားတာပေါ့။ မဆိုင်တဲ့သူတွေမထိခိုက် အောင် ဂရုစိုက်လုပ်ဆောင်ခဲ့ပါတယ်” ဟု သာယာဝတီခရိုင်တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၄ Bamar Revolution Army တပ်ခွဲမှူး ရဲဘော်လကျာ်က MPA သို့ပြောသည်။
စန်ကြီးလောင့်ရွာနှင့် တစ်မိုင်ခန့်အကွာရှိ ဒမငယ်ရွာတွင် တပ်စွဲထားသော စစ်တပ်က ယင်းရာအိမ် မှူး၏ ရုပ်အလောင်းကို ဆိုင်ကယ် ၂၁စီးဖြင့် နတ်တလင်းမြို့ပေါ်သို့ လာသယ်သွားကြောင်း သိရသည်။
ယင်းရာအိမ်မှူးသည် ကံသာယာ၊ ပဲမခမ်းနှင့် ချောင်းကမ်းကြီးရွာဘက်၌ စစ်တပ်ကင်းလှည့်တိုင်း လမ်းပြအဖြစ်ပါလေ့ရှိပြီး ၎င်း၏နေအိမ်၌လည်း စစ်သားများကို ချက်ပြုတ်ကျွေးမွေးကြောင်း သိရသည်။
” သူကရာအိမ်မှူးဆိုတော့ စစ်တပ်ကလာရင် သူ့ဆီပဲလာတာ။ ပြီးရင် လမ်းပြလိုက်ပေးတယ်။ သူ့အိမ်မှာပဲစစ်သားတွေကို ချက်ပြုတ်ကျွေးတယ်။ စစ်တပ်ကိုအကောက်ပေးပြီးကြက်ဝိုင်းလုပ်တာ တွေ၊ စစ်မှုထမ်းကြေးကောက်ပေးတာတွေ၊ ပေါ်တာဆွဲတာတွေလိုက်ပါလုပ်ဆောင်လေ့ရှိပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
ယင်းရာအိမ်မှူးသည် စန်ကြီးလောင့်နှင့် သာစည်ရွာတို့တွင် စစ်မှုထမ်းကြေးဟုဆိုကာ တစ်အိမ်လျှင် တစ်လ ကျပ် ၅သောင်း လိုက်ကောက်ကြောင်းသိရသည်။
စန်ကြီးလောင့်ရွာသည် စစ်တပ်စိုးမိုးထားသည့်နယ်မြေဖြစ်ပြီး နတ်တလင်းမြို့နှင့် ၅မိုင်ခန့်သာဝေးသည်။
စာတည်း-ML
