ရာဇဝတ်ဂိုဏ်သား လုပ်ငန်းရှင်များက ဘနဖူး သိုက်တူးရဲသော အောင်ကြည်သိန်းကိုသာ မွန်ဝန်ကြီး ချုပ် ဆက်ဖြစ်စေချင်

ဓာတ်ပုံ-ပေးပို့ ပုံစာ-သင်္ကြန်တွင် မူးပြီး ဘီယာဝေနေသော မွန်ဝန်ကြီးချုပ် အောင်ကြည်သိန်း။

By Ra Wai / MPA

တရားမဝင် ရွေးကောက်ပွဲအပြီးတွင် အောင်ကြည်သိန်း မွန်ပြည်နယ်ဝန်ကြီးချုပ် ပြန်မဖြစ်မည်ကို ရာဇဝတ်ဂိုဏ်းသားလုပ်ငန်းရှင်များက စိုးရိမ်နေကြကြောင်း သိရသည်။

လက်ရှိ မွန်ပြည်နယ်ဝန်ကြီးချုပ် အောင်ကြည်သိန်းလက်ထက်တွင် မွန်ပြည်နယ်၏ မြို့တော် မော် လမြိုင်မြို့လယ်ခေါင်၌ပင် လောင်းကစားဝိုင်းများကို တရားဝင်ပြုလုပ်ခွင့်ရခဲ့ပြီး မူးယစ်ဆေးဝါး၊ ထိုင်းကုန်စည်များအား တရားမဝင်တင်သွင်းခွင့် စသည့် တရားမဝင်လုပ်ငန်းမျိုးစုံ ကို လာဘ်ငွေပေး လျှင် လွတ်လပ်စွာ လုပ်ကိုင်ခွင့်ရခဲ့ခြင်းကြောင့် ရာဇဝတ်ဂိုဏ်းသား လုပ်ငန်းရှင် များက အောင်ကြည် သိန်းကိုသာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဆက်လက်ဖြစ်စေလိုကြကြောင်း ပြည်နယ်အုပ်ချုပ်ရေးရုံးနှင့် နီးစပ်သူတစ်ဦးထံက သိရသည်။

“အောင်ကြည်သိန်းဆိုတာ ငွေသာရမယ်ဆို ဘာမဆို လုပ်ပေးမယ့်အစားလေ။အခု အာဏာသိမ်းပြီး တော့ လောင်းကစားဝိုင်းကစလို့ မဟုတ်တာ အကုန်လုပ်ခွင့်ရနေတော့ အောင်ကြည်သိန်းနဲ့ တော် တော်စီးပွားဖြစ်ခဲ့တယ်။မော်လမြိုင်မြို့မြို့လယ်ခေါင်က လမ်းဘေးမှာ လောင်းကစားဝိုင်းအကြီးကြီး ဖွင့်တာမျိုးက တခြားတိုင်းနဲ့ပြည်နယ်တွေမှာ မရှိဘူး။နောက်တစ်ယောက် ဝန်ကြီးချုပ် အသစ်ရောက် လာရင် တစ်ကနေ ပြန်ပေါင်းပြီး ဇာတ်သွင်းရဦးမှာကိုး”ဟု ၎င်းက MPAသို့ပြောသည်။

ယခုအခါ လောင်းကစားဒိုင်အချို့က အောင်ကြည်သိန်း ဝန်ကြီးချုပ် ထပ်ဖြစ်ရေးအတွက် ယတြာချေ နေသည်ဟု ကြားကြောင်း ၎င်းက ဆိုသည်။

“အောင်ကြည်သိန်းက ချေခိုင်းတာလား။သူတို့ဘာသာ ချေတာလားတော့ မသိဘူး။ယတြာချေတာ ကတော့ သေချာတယ်”ဟု ၎င်းက ဆက်လက်ပြောသည်။

မွန်ပြည်နယ်အတွင်းရှိ မြို့တိုင်းနီးပါးတွင် ယခုနှစ် ဝါမဝင်ခင်အထိ လောင်းကစားဝိုင်းများ တရား ဝင်ဖွင့်လှစ်ခွင့်ရခဲ့ပြီး မော်လမြိုင်မြို့ပေါ်၌ ဘာသာရေးခေါင်းစဉ်အမျိုးမျိုးတပ်ကာ ဇာတ်ပွဲသွင်း၍ လောင်းကစားဝိုင်းသွင်းခဲ့သည်။

“မြင်းဆေး(WYစိတ်ကြွဆေးပြား)ဆိုရင်လည်း မြို့တိုင်းမှာ ဈေးပေါပေါနဲ့ရတယ်”ဟု ၎င်းကဆိုသည်။

လက်ရှိ စစ်ကော်မရှင်ခန့် မွန်ပြည်နယ်ဝန်ကြီးချုပ်အောင်ကြည်သိန်းသည် မွန်ပြည်နယ် ပြည်ခိုင်ဖြိုး ပါတီ ဥက္ကဌဖြစ်ပြီး ပြည်နယ်လွှတ်တော်နေရာ ဝင် အရွေးခံရမည်ဟု သတင်းထွက်နေသည်။

သို့ သော်၊ ရွေးကောက်ပွဲအလွန်ကာလ မွန်ပြည်နယ်ဝန်ကြီးချုပ်ရာထူးကို စစ်တပ် ထွက် ဗိုလ်ချုပ်ဟောင်းတစ်ဦးဦး ကသာ ရရှိမည်ဟု သတင်းထွက်နေသော်လည်း အတည်မပြုနိုင်သေး ကြောင်း ပါတီများနှင့်နီးစပ် သည့် မော်လမြိုင်မြို့ခံ လူမှုကူညီရေးသမားတစ်ဦးက ဆိုသည်။

တရားမဝင်ရွေးကောက်ပွဲဝင် အမတ်လောင်းစာရင်းတင်သွင်းရမည့်နောက်ဆုံးရက်ကို စက်တင်ဘာ ၁၇ရက် အစား စက်တင်ဘာ၂၂ရက်အထိ ထပ်တိုး သတ်မှတ်ကြောင်း ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။

စာတည်း-ML