ပါကစ္စတန်နိုင်ငံက ကြားဝင်စေ့စပ်ပေးသည့် ဆွေးနွေးပွဲများတွင် အီရန်အစိုးရ အနေဖြင့် အမေရိကန် ၏ “လွန်ကဲသော တောင်းဆိုချက်များ” ကို လက်ခံမည်မဟုတ်ကြောင်း သမ္မတ မာဆု ပီဇက်ရှ်ကီယန် က မေလ ၂၅ ရက်နေ့တွင် ပြောကြားသည်။
“အီရန်လူမျိုးတွေရဲ့ ရပိုင်ခွင့်တွေကို အပြည့်အဝ အာမခံချက်ရှိစေမယ့် နည်းလမ်းမျိုးနဲ့ပဲ ဆွေးနွေးပွဲတွေကို စီစဉ်ထားပါတယ်” ဟု အီရန် ကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (Iran Chamber of Commerce, Industries, Mines and Agriculture) အဖွဲ့ဝင်များနှင့် တွေ့ဆုံစဉ် ပီဇက်ရှ်ကီယန်၏ ပြောကြားချက်ကို နိုင်ငံပိုင် သတင်းအေဂျင်စီ IRNA က ဖော်ပြခဲ့သည်။
“ရန်သူဟာ စစ်ရေးအရ ရှုံးနိမ့်ခဲ့ပြီးနောက်မှာ စီးပွားရေးစစ်ပွဲဆီကို အဓိက အာရုံပြောင်းလာခဲ့ပေမယ့်လည်း အစိုးရနဲ့ ပုဂ္ဂလိကကဏ္ဍတို့ဟာ စည်းလုံးညီညွတ်မှု၊ စာနာနားလည်မှု၊ ပူးပေါင်းဆောင်ရွက်မှုတို့နဲ့ လက်တွဲလုပ်ဆောင်ပြီး ဒီအဆင့်ကိုလည်း အောင်မြင်စွာ ဖြတ်ကျော်သွားမှာပါ” ဟု ၎င်းကပြောကြားသည်။
ပါကစ္စတန်၏ ကြားဝင်စေ့စပ်ပေးမှုကြောင့် ဧပြီ ၈ ရက်တွင် အပစ်အခတ်ရပ်စဲရေး စတင်သက်ရောက်ခဲ့ပြီး နောက်ပိုင်းတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ယင်းအပစ်အခတ်ရပ်စဲရေးကို သက်တမ်း အကန့်အသတ်မရှိ တိုးမြှင့်ခဲ့သည်။
