စက်သုံးဆီအခက်ကြောင့် ချောင်းဆုံတွင် လယ်ဧကတစ်သောင်းကျော် စပါးမစိုက်နိုင်

စစ်အုပ်စုက စိုက်ပျိုးရေးလိုအပ်ချက်အတွက် စက်သုံးဆီ မပေးသဖြင့် မွန်ပြည်နယ်၊ချောင်းဆုံမြို့နယ် တွင် လယ်ဧက တစ်သောင်းကျော် စပါးစိုက်ပျိုးနိုင်ခြင်းမရှိကြောင်း သိရသည်။

ချောင်းဆုံမြို့နယ်တွင် နှစ်စဉ် မတ်နဲ့ ဧပြီလတို့တွင် ထယ်ထိုးကာ စပါးအခြောက်ကြဲစနစ်ဖြင့် စတင် စိုက်ပျိုးကြခြင်းဖြစ်ပြီး ယင်းအချိန်က စိုက်ပျိုးရေးလုပ်ငန်းများအတွက် ဒီဇယ်ဆီမပေးသလို ပြင်ပ ပေါက်ဈေး ဒီဇယ်တစ်လီတာလျှင် ကျပ်တစ်သောင်းကျော်နေသဖြင့် ဧက တစ်သောင်းကျော် စပါး မစိုက်နိုင်ခြင်းဖြစ်ကြောင်း ချောင်းဆုံဒေသခံအချို့ထံက သိရသည်။

“လယ်ထွန်ဖို့က လယ်ထွန်စက်နဲ့။ စစ်တပ်က စိုက်ပျိုးရေးအတွက် ဒီဇယ်မချပေးတော့ အဲတုန်းက အပြင်ပေါက်ဈေးက တစ်လီကို တစ်သောင်းကျော်ပဲ။ပြီးတော့ ဓာတ်မြေဩဇာလည်းဈေးကြီးတယ်။ စိုက်စရိတ်၊ရိတ်သိမ်းစရိတ်တွေနဲ့ ထွက်လာမယ့်စပါးနဲ့က အရင်းပြန်ရဖို့ မလွယ်ဘူး။အဲဒါကြောင့် မစိုက်တော့တာ”ဟု ချောင်းဆုံမြို့နယ်၊ကလွီရွာသားတစ်ဦးက MPAသို့ပြောသည်။

ချောင်းဆုံမြို့နယ်တွင် စပါးစိုက်ဧက ၆သောင်းကျော်ရှိပြီး စိုက်ပျိုးရေးကျွမ်းကျင်သူတို့က ဧက တစ် သောင်းကျော် မစိုက်နိုင်ဟု ခန့်မှန်းကြကြောင်း ၎င်းက ပြောသည်။

စိုက်ပျိုးရေးအတွက် စက်သုံးဆီလိုအပ်ချက်ကို ပါတီများက စစ်အုပ်စုထံ တင်ပြခဲ့ခြင်း ရှိ၊မရှိ MPAက မေးမြန်းခဲ့ရာ စစ်တပ် မကြိုက်သည့် အလုပ်မျိုးကို ပါတီများက မလုပ်ကြကြောင်း ၎င်းက ပြောသည်။

အဝေးရောက်သက္ကောရွာသားတစ်ဦးကမူ “ကျနော်တို့ပါတီ(မွန်ညီညွတ်ရေးပါတီ)က ဆီပြဿနာပေါ် တော့ ဆီတန်းစီတဲ့ပြည်သူတွေကို ရေတစ်ဗူး ထွက်တိုက်ရကောင်းမှန်း မသိခဲ့ဘူး။ခင်ဗျားမေးတဲ့ စိုက် ပျိုးရေးအတွက် ဆီလိုတဲ့ကိစ္စကို မွန်အမတ်တွေက မေးခွန်းထုတ်ရကောင်းမှန်းကို တကယ်ရိုးရိုးသား သားမသိတာပါ။အဲဒီလိုမသိတဲ့အတွက် ပြည်သူတွေလည်း စိတ်မရှိကြပါနဲ့။သူတို့သိတာက စစ်ဖိနပ် ပြောင်အောင်တိုက်ပေးပြီး အာဏာလေး နည်းနည်းရဖို့ပဲ”ဟု ဆိုသည်။

ချောင်းဆုံမြို့နယ်တွင် ရှေးယခင်က မိုးဦးကာလရောက်မှ လူအားဖြင့် ကောက်စိုက်ကာ စပါးစိုက်ကြ သော်လည်း လုပ်သားရှားပါးမှုကြောင့် စပါးအခြောက်ကြဲစိုက်ပျိုးကြသည်မှာ ကြာပြီဖြစ်ကြောင်း သိရ သည်။
စာတည်း-ML