မင်းအောင်လှိုင် ကြောက်ရူး

[ဆောင်းပါး]

နိုင်ငံ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်နေကြောင်း ယုံကြည်စိတ်ချရတဲ့ အ ထောက်အထားပြဖို့ တောင်းဆိုတဲ့ Proof Of Life ကမ်ပိန်း တစ်လပြည့်ပြီဖြစ်ပေမဲ့ အာဏာသိမ်း စစ် အုပ်စု အစိုးရတုကတော့ တုံ့ပြန်မှု တစ်စုံတစ်ရာ မရှိသေးပါဘူး။

Proof Of Life ကမ်ပိန်းကို ဒေါ်အောင်ဆန်းစုကြည်ရဲ့သား ကိုထိန်လင်း(ခ)ကင်မ်အဲရစ် ဦး ဆောင်ပြီး ဧပြီ၂၁ရက်မှာ စတင်ခဲ့တယ်။ကမ်ပိန်းစတင်ပြီဆိုတာနဲ့ တောက်လျှောက်ဆိုသလို ဒေါ် အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး ခိုင်လုံတဲ့သက်သေပေးဖို့ ပြည်တွင်း၊ပြည်ပ လှုပ်ရှားတောင်းဆိုမှု တွေ အားကောင်းလာခဲ့တယ်။

ကမ်ပိန်းစတင်ပြီး မကြာ ဧပြီ၃၀ရက်မှာ နေပြည်တော်အကျဉ်းထောင်ကနေ သတ်မှတ် နေ အိမ်တစ်လုံးဆီ ရွှေ့ပြောင်းလိုက်တယ်ဆိုပြီး ဘယ်အချိန်တုန်းက ရိုက်ထားမှန်းမသိတဲ့ ဓာတ်ပုံတစ်ပုံ နဲ့ အစိုးရတုက သဘောထားကြီးသယောင် လူယောင်ဆောင်ပြဖို့ ကြိုးစားခဲ့တယ်။အဲဒီလို ထောင်နဲ့မ ခြားတဲ့ အလုံပိတ် လျှို့ဝှက်အိမ်တစ်လုံးဆီ ရွှေ့ပြောင်းလိုက်ကြောင်း သတင်းထုတ်ပြန်ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ချက်ချင်းပြန်လွှတ်ပေးဖို့ အနောက်ကမ္ဘာရဲ့ တောင်းဆိုမှုတွေလည်း ကျယ်လောင်ခဲ့တယ်။

ဒါပေမဲ့၊ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ ဝေးစွ။နေပြည်တော်ကို ဝင်ထွက်နေတဲ့ နိုင်ငံခြား သံတမန်တစ်ဦးဦးနဲ့ တရားဝင် တွေ့ဆုံခွင့်ပင် မပြု။မေ၁၉ရက်က နေပြည်တော်ကို နေ့ချင်း ပြန် သွားရောက်ခဲ့တဲ့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ဒေါ်အောင်ဆန်းစုကြည်ရဲ့အခြေအနေကို မေးမြန်းရာမှာ အစိုးရတု နိုင်ငံခြားရေးဝန်ကြီး တင်မောင်ဆွေက နေအိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့ ထားကြောင်း ကျန်းမာရေးစောင့်ရှောက်မှု ပေးထားကြောင်းနဲ့ ကျန်းမာရေးကောင်းကြောင်း ပြော ကြားခဲ့တယ်လို့ သိရတယ်။

မြန်မာမီဒီယာပလက်ဖောင်းပေါ်မှာ တွေ့ရတဲ့ နောက်ထပ်သတင်းတစ်ပုဒ်မှာတော့ မလေး ရှားနိုင်ငံခြားရေးဝန်ကြီးက ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးဖို့ ပြောဆိုခဲ့ရာမှာ အစိုးရတု နိုင်ငံခြားရေးဝန်ကြီးက ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံရေးအကျဉ်းသား မဟုတ်ဘဲ ရာဇဝတ်မှုနဲ့ ထောင်ကျနေသူသာ ဖြစ်တယ်လို့ တုံ့ပြန်ခဲ့ကြောင်း ဆိုပါတယ်။

ပြောရရင် အာဆီယံနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ လတ်လတ်ဆတ်ဆတ် တောင်းဆိုမှု ဒေါ်အောင်ဆန်းစုကြည် လွှတ်ပေးရေးကို ပြတ်သားစွာ ပယ်ချလိုက်တဲ့သဘော။

ဟုတ်ပြီ၊ဒေါ်အောင်ဆန်းစုကြည်ကို ရာဇဝတ်အကျဉ်းသားအဖြစ် သဘောထားပြီး ဒေါ်အောင် ဆန်းစုကြည်ဟာ အဂတိလိုက်စားမှုမျိုးစုံ ကျူးလွန်ခဲ့တာကြောင့် ပြစ်ဒဏ်ကျခံနေရတယ်လို့ ယုံ ကြည်ရင် ဘာ့ကြောင့် မလွှတ်ပေးရဲရတာပါလဲ။ တကယ်တမ်းသာ အာဏာကို အလွဲသုံးစားလုပ်ပြီး အဂတိလိုက်စားခဲ့တာ သေချာရင် ဘယ်ပြည်သူကမှ ဒေါ်အောင်ဆန်းစုကြည်ကို အရင်လို ထောက်ခံ စရာအကြောင်းမရှိပါဘူး။ပြီးတော့ အာဆီယံနဲ့ နိုင်ငံတကာကလည်း ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးပါလို့ တောင်းဆိုနေမှာ မဟုတ်ပါဘူး။ ဒါကို အစိုးရတုက အသေအချာသိရှိပေမဲ့ အာဏာ သိမ်းစစ်အုပ်စုရဲ့ ထုံးစံအတိုင်း စုံကန် ငြင်းနေခြင်းပါပဲ။

နောက်ဆုံး ဒေါ်အောင်ဆန်းစုကြည်ကို ရာဇဝတ်အကျဉ်းသားလို့ ယုံကြည်တယ်ဆိုရင် ရာဇ ဝတ်အကျဉ်းသားမို့ နိုင်ငံတကာသံတမန်တွေ တွေ့စရာမလိုဘူးလို့ ဆိုဦးတော့ ဒေါ်အောင်ဆန်းစု ကြည်ရဲ့ ရှေ့နေ၊ ဒါမှမဟုတ် ဒေါ်အောင်ဆန်းစုကြည်နဲ့သားနဲ့ ဘာ့ကြောင့် တွေ့ခွင့်မပြုရတာပါလဲ။ ရှေ့နေ ဒါမှမဟုတ် မိသားစုဝင်တွေနဲ့ အမြဲမပြတ် တွေ့ဆုံခွင့်ပြုခြင်းဟာ ဘယ်အကျဉ်းသားမဆို ရရှိ နေတဲ့ အခွင့်အရေးတစ်ရပ်ဖြစ်တာကြောင့် ဘာ့ကြောင့် ဒေါ်အောင်ဆန်းစုကြည် တစ်ဦးတည်းကျမှ ခြွင်းချက်ထားကာ ဘယ်သူနဲ့မှ တွေ့ခွင့်မရဘဲ အလုံပိတ်ခံထားရတာပါလဲ။

တရားမဲ့ ထောင်ဒဏ်ချမှတ်ခဲ့တဲ့ ၂၀၂၂ခုနှစ်၊ဒီဇင်ဘာ၃၀ရက် နောက်ပိုင်းကစလို့ ဒေါ်အောင် ဆန်းစုကြည်ကို ဘယ်သူမှ တွေ့ခွင့်မရတော့ဘဲ ဒီနေ့ထိတိုင် စစ်အုပ်စုက အငြိုးတကြီးနဲ့ အလုံပိတ် ထားခဲ့တာကြောင့် ဒေါ်အောင်ဆန်းစုကြည် ဘယ်မှာလဲဆိုတာ အတည်ပြုလို့မရတဲ့သတင်းတွေ ချည်း။ပြီးတော့ အသက် ၈၀ကျော်ပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးကရော ဘယ်လိုရှိ ပါသလဲ၊ခိုင်မာတဲ့ သတင်းအချက်အလက်များမရ။

ပြောရရင် နေပြည်တော်စစ်ဗိုလ်ချုပ်တွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံရိပ်လည်း မမြင်စေ ရ၊ သတင်းအစအနလည်း မထွက်စေရဆိုတဲ့ အတင်းကျပ်ဆုံး တင်းကျပ်မှုမျိုးနဲ့ ပြင်ပကမ္ဘာနဲ့ အဆက် ဖြတ်။သူတို့ရဲ့ ရည်ရွယ်ချက်က မြန်မာပြည်သူတွေရဲ့ နှလုံးသားထဲမှာ ဒေါ်အောင်ဆန်းစုကြည်ဆိုတာ တဖြည်းဖြည်း ကွယ်ပသွားမလားဆိုတဲ့ ကျပ်မပြည့်မှု။အဲဒီလို မမြင်ရ မတွေ့ရခြင်းကနေ တဖြည်း ဖြည်း သွေးအေးသွားကြပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာ့နိုင်ငံရေးပလက်ဖောင်းကနေ လုံးဝရှင်းပစ်မယ်ဆိုတဲ့ မျှော်လင့်ချက်။

ပြီးတော့ အရှက်တကွဲဖြစ်အောင် အမှုဆင်ကာ မတရားနှစ်ရှည်ထောင်ဒဏ်ချမှတ်ခဲ့ရုံတင် မက အလုံပိတ်ထားခြင်းနည်းနဲ့ အပြင်းထန်ဆုံး ဖိနှိပ်ထားတာတောင် သူတို့ဖြစ်ချင်သလိုမဖြစ်၊ သူ တို့ ပြောစေချင်တဲ့စကားတွေ မပြောဘဲ စစ်အာဏာရှင်တွေကို အံတုတော်လှန်နေခြင်းကလည်း စစ် ဗိုလ်ချုပ်တွေ ဆတ်ဆတ်ခါ အသည်းပေါက်ရတယ်။

မင်းအောင်လှိုင် အဖြစ်ချင်ဆုံးဆန္ဒက ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဖြစ်ခဲ့သမျှကို ပြည့်ဖုံး ကားချ၊ NUGအစိုးရနဲ့ PDFတွေ အညံ့ခံလိုက်ကြဖို့လည်း ဆွယ်။ပြီးရင် နိုင်ငံရေးလောကကနေ လုံး ဝစွန့်ကာ ဘာဆိုဘာမှ ဝင်မပြောတော့ဖို့။ပြောရရင် အာဏာလက်မဲ့ဖြစ်သွားတဲ့ စစ်ဗိုလ်ချုပ်တွေ မျက်လွှာလေးအောက်ချပြီး စိတ်ပုတီး တဂျောက်ဂျောက်စိတ်ကာ ဘဝနေဝင်ချိန်ကို ကျိုးကျိုးနွံနွံ အရိုးထုတ်တဲ့ပုံစံမျိုး။

ဒေါ်အောင်ဆန်းစုကြည်က ဒေါ်အောင်ဆန်းစုကြည်မို့ ဒေါ်အောင်ဆန်းစုကြည်လိုပဲ ကြံ့ကြံ့ ခံတယ်။ အဲဒါကြောင့်လည်း မြန်မာပြည်သူတွေရဲ့ရင်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်ဆိုတာ နက်နက် နဲနဲကို ပြည့်လို့။ နိုင်ငံတကာကလည်း ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးကို မမေ့။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးသံတမန် ဂျူလီဘစ်ရှော့ နေ ပြည်တော် လာသွားတယ်လို့ ဘီဘီစီက မေ၂၃ရက်မှာ ဖော်ပြတယ်။ကုလသမဂ္ဂအထူးသံရဲ့ နေပြည် တော်ခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးကိစ္စ ဆွေးနွေး ခဲ့တယ်လို့လည်း ဆိုတယ်။

အစိုးရတုက ဘယ်လိုပြန်ဆွေးနွေးခဲ့သလဲဆိုတာ မီဒီယာပလက်ဖောင်းပေါ် တက်မလာသေး ပေမဲ့ သူတို့ အစိုးရတုကို နိုင်ငံတကာက တရားဝင်မှုတစ်စုံတစ်ရာပေးပြီးမှသာ ဒေါ်အောင်ဆန်းစု ကြည်အရေး စဉ်းစားမယ်ဆိုတဲ့အထိုင်ကနေ တုံ့ပြန်မယ့်ပုံရတယ်။

တရားဝင်မှု တစ်စုံတစ်ရာပေးခဲ့ရင် ဒေါ်အောင်ဆန်းစုကြည်ကို အမှန်တကယ်လွှတ်ပေးမှာ လားဆိုတော့ မသေချာ။ မင်းအောင်လှိုင်က ကြောက်တတ်တယ်။ ၁၉၆၂ခုနှစ်နဲ့ ၁၉၈၈ခုနှစ် တုန်းက စစ်တပ်က အာဏာသိမ်းတာကို အာဏာသိမ်းတာပါ ဗြောင်ကြေညာခဲ့ပေမဲ့ မင်းအောင်လှိုင်ကတော့ အာဏာသိမ်းတာကို အာဏာသိမ်းတာပါလို့ ထုတ်မပြောရဲ။

အနုနည်းနဲ့ သမ္မတရာထူး တောင်းတာ မရလို့ အကြမ်းနည်းနဲ့ အာဏာသိမ်းရပါကြောင်း ဒေါ် အောင်ဆန်းစုကြည် ထုတ်ပြောမှာ သိပ်ကြောက်ရရှာတော့ ဘယ်လွှတ်ပေးရဲရှာမလဲ။ မင်းအောင်လှိုင် သေနတ်ခါး ကြားထိုးပြီး ကြောက်နေရရှာတယ်ကွယ်။

စာတည်း-ကိုဆန်း