မြိုင်တွင် စစ်ကြောင်းထိုးလာသောတပ် မိုင်းဆွဲခံရပြီး တစ်ဦးသေ၊ ၃ဦးဒဏ်ရာရဟုဆို

ဓာတ်ပုံ - Na Gwin Facebook
လင်းကတောရဲစခန်းမှ ထွက်လာသော စစ်ကြောင်း။

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ချောက်တောင်းရွာအနီးတွင် စစ်ကြောင်းထိုးလာသောတပ် မိုင်းဆွဲခံရပြီး တစ်ဦးသေဆုံးကာ ၃ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မေလ ၂၅ရက်၊ ညနေပိုင်းက မြိုင်မြို့နယ် လင်းကတောရဲစခန်းမှ အင်အား ၂၀၀ ခန့်ဖြင့် ထွက်လာ သော စစ်ကြောင်းကို လင်းကတောရဲစခန်းမြောက်ဘက် ချောက်တောင်းကျေးရွာအနီးတွင် တော် လှန်ရေးတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း မြိုင်မြို့နယ် စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။

” မိုင်းကွင်းထဲကို ဝင်လာကြတာပါ။ မျက်မြင်တင် သေတာတစ်ယောက်၊ ထိတာ ၃ယောက်ပါ။ စစ် ကြောင်းပတ်ထိုးဖို့ ထွက်လာကြတယ်လို့ ယူဆရပါတယ်။ မိုင်းဆွဲခံရပြီးတော့ ဘယ်မှဆက်မသွား ကြဘူး။ လင်းကတောကိုပဲ ပြန်ဝင်သွားကြတယ်။ အလောင်းရယ် လူနာတွေကို ထမ်းစင်တင်ပြီး ပြန်ခေါ်သွားကြတယ်” ဟု၎င်းက MPA ကို ပြောသည်။

လင်းကတောရဲစခန်းတွင် ယခင်က စစ်အင်အား ၅၀ ခန့်သာရှိသော်လည်း သရက်ကန်ပျူရွာကို တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ယင်းရဲစခန်း၌ စစ်အင်အား ၂၀၀ အထိ တိုးမြှင့်ထားကြောင်း သိရသည်။

” ရေစကြိုဘက်က အင်အား လာဖြည့်ထားတာဗျ။ စစ်လော်ဘီချန်နယ်တွေမှာ သရက်ကန်ပြီးရင် တော်လှန်ရေးတပ်တွေက တွင်းမတို့ လင်းကတောတို့ကို ဆက်ဝင်တိုက်မယ်ဆိုပြီး သတင်းတွေ ဖြန့်နေတာ။ ဒါကြောင့် အင်အားတိုးတယ်လို့ ယူဆရပါတယ်။၂၄ရက်နေ့ကလည်း စစ်ကြောင်းထွက် လာပြီးတော့ မရိုးကန်ရွာကို မီးရှို့ခဲ့တာမျိုးရှိတယ်။ ပျက်စီးဆုံးရှုံးမှုတော့ မသိနိုင်သေးဘူး” ဟု ၎င်းက ဆက်လက်ပြောသည်။

လင်းကတောရွာနှင့် သရက်ကန်ပျူရွာသည် ၂၈ မိုင်ခန့်ကွာဝေးသည်။

မေလ ၂၃ ရက် တွင် သရက်ကန်ပျူရွာကို တော်လှန်ရေးပူးပေါင်းတပ်များက အပြီးသတ် သိမ်းပိုက်နိုင် ခဲ့သည်။

စစ်သားများ သေဆုံး၊ဒဏ်ရာရမှုကို MPAအနေနှင့် သီးခြားအတည်မပြုနိုင်ပေ။
စာတည်း-ML