သွေးသစ္စာကို ဘယ်သူပိုင်သလဲ

[ဆောင်းပါး]

၁၉၈၈ ခုနှစ် လူထုတော်လှန်ရေးကြီးအား စစ်တပ်က အကြမ်းဖက် အာဏာသိမ်း ဖြိုခွင်းမှုကြောင့် ထိုခေတ်က ကျောင်းသားလူငယ်အများအပြား လက်နက်ကိုင်တော်လှန်ရန် တောခိုခဲ့ကြသည်။

ထိုထဲတွင် နာမည်ကျော် ဂီတပညာရှင် ထူးအိမ်သင်လည်း ပါဝင်ခဲ့ပြီး သူ၏ ရင်တွင်းတော်လှန်ခြင်း အနုပညာအဖြစ် “သွေးသစ္စာ” သီချင်း ထွက်ပေါ်လာခဲ့သည်။

အဆိုပါ တော်လှန်ရေးတေးသီချင်းသည် မကြာသေးမီက သမိုင်းဆိုင်ရာ အငြင်းပွားဖွယ်ရာ ဝါဒဖြန့်မှုတစ်ခုနှင့် ကြုံတွေ့ခဲ့ရသည်။

စစ်တပ် မြဝတီရုပ်သံလိုင်းမှတစ်ဆင့် “စစ်သားသွေးနီရှေ့သို့ချီ” ဟု ခေါင်းစဉ်ပြောင်းလဲကာ ၁၉၆၀ ပြည့်နှစ်ကတည်းက ရှိခဲ့သည့် စစ်ချီတေးတစ်ပုဒ်ဖြစ်ကြောင်း အသံနှင့် ရုပ်ပုံအတုများအသုံးပြု၍ ထုတ်လွှင့်ခဲ့ရာ “သွေးသစ္စာကို ဘယ်သူပိုင်သလဲ” ဟူသော မေးခွန်းသည် ပြည်သူများအကြား ရေပန်းစားလာခဲ့သည်။

သမိုင်းမှတ်တမ်းများအရ “သွေးသစ္စာ” သီချင်းသည် ၁၉၈၈ ခုနှစ် လူထုအရေးတော်ပုံအပြီး ၁၉၈၉ ခုနှစ်တွင် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) ကျောင်းသားတပ်မတော် တောတွင်းစခန်းတစ်ခု၌ စတင်မွေးဖွားခဲ့ခြင်းဖြစ်သည်။

ကွယ်လွန်သူ ဂီတပညာရှင် ထူးအိမ်သင်ကိုယ်တိုင် ပြည်သူများနှင့် ကျောင်းသားရဲဘော်များ၏ ပေးဆပ်မှု၊ စိတ်ဓာတ်တက်ကြွမှုများကို အခြေခံ၍ သံစဉ်နှင့် စာသားကို ခံစားရေးဖွဲ့ခဲ့ခြင်း ဖြစ်သည်။

ထို့နောက် ၁၉၉၁ ခုနှစ်တွင် တေးသံရှင် ကိုမွန်းအောင်က ဘန်ကောက်မြို့၌ ပထမဆုံး အသံသွင်းသီဆိုခဲ့ပြီး တော်လှန်ရေးအထိမ်းအမှတ် တေးအယ်လ်ဘမ်တစ်ခုအဖြစ် တရားဝင် ဖြန့်ချိခဲ့သည်။

သီချင်းထဲတွင် ပါဝင်သော “ငါတို့ရဲ့ သမိုင်းတခေတ်ကို ငါတို့သွေးနဲ့ ရေးခဲ့ပြီ သွေးသစ္စာလည်း ရှိရမည်” ဟူသော စာသားများသည် ခေတ်ပြိုင်လူထုလှုပ်ရှားမှု၏ ပုံရိပ်ကို ဖော်ညွှန်းနေပြီး မည်သည့်စစ်ချီတေး သဘောသဘာဝနှင့်မျှ ကိုက်ညီမှုမရှိဘဲ ကိုထူးအိမ်သင်၏ ကိုယ်ပိုင်ဖန်တီးမှု စစ်စစ်ဖြစ်ကြောင်း သက်သေပြနေသည်။

ထို့ပြင် စစ်တပ် ဝါဒဖြန့်ထားသည့် ဓာတ်ပြားသီချင်းဟု ဆိုသည့် အသံဖိုင်တွင် ပါဝင်သော ၁၉၈၀ ခုနှစ်နောက်ပိုင်း Acoustic Guitar အခြေခံ Modern Chord Progression များနှင့် Minor Chord ဖလှယ်မှုများသည် ၁၉၆၀ ခုနှစ်များဝန်းကျင်က စစ်ချီတေးများ၏ ရိုးရှင်းသော Major Chords တည်ဆောက်ပုံများနှင့် ကွဲပြားနေသည်။

ယင်းအချက်သည် ထူးအိမ်သင်၏ ရင်တွင်းမှ ပေါက်ဖွားခဲ့သော သွေးသစ္စာသီချင်းစတိုင်ဖြစ်နေသဖြင့်၊ အဆိုပါအသံဖိုင်သည် ၆၀ ခုနှစ်က မူရင်းမဟုတ်ဘဲ ခေတ်ပေါ်နည်းပညာဖြင့် ဖန်တီးထားသော အတုဖြစ်ကြောင်း ဂီတသီအိုရီများအရ သက်သေပြနေခြင်း ဖြစ်သည်။

ထို့ပြင် အာဏာသိမ်းစစ်တပ်ဘက်က ၁၉၆၀ ခုနှစ်ကတည်းက “အောင်ကမ္ဘာ တေးသံသာ” ဓာတ်ပြားကုမ္ပဏီမှ ထုတ်လုပ်ခဲ့ခြင်းဖြစ်ကြောင်း ဝါဒဖြန့်ထားသည်ကို တွေ့ရသည်။

သို့သော် မြန်မာ့ဓာတ်ပြားသမိုင်း သုတေသနပြုချက်များနှင့် ခေတ်ဟောင်းဓာတ်ပြားစုဆောင်းသူများ၏ မှတ်တမ်းများအရ ထိုခေတ်က မြန်မာ့ဂီတလောက၏ ထုတ်လုပ်မှုစံနှုန်းများနှင့် လုံးဝ ကိုက်ညီမှုမရှိသည်ကို တွေ့ရသည်။

ပါလီမာန်ခေတ်က မြန်မာ့ဓာတ်ပြားလောကတွင် ဗြိတိသျှဘားမား (British Burma Film & Record Co.)၊ လျှပ်စစ်ဓာတ်ပြား (Electric Record)၊ ဒေါင်းတံဆိပ် (Peacock Record) နှင့် ကမ္ဘာကျော်ခွေးရုပ်တံဆိပ်ပါ HMV (His Master’s Voice) စသည့် ကုမ္ပဏီကြီးများကသာ ရန်ကုန်မြို့ကို အခြေစိုက်၍ တရားဝင် မူပိုင်ခွင့်များဖြင့် ဓာတ်ပြားများကို အဓိက ထုတ်လုပ်ခဲ့ကြသည်။

ထိုခေတ်သမိုင်းတစ်လျှောက်တွင် “အောင်ကမ္ဘာ တေးသံသာ” ဟူသော ကုမ္ပဏီနာမည်ဖြင့် ဓာတ်ပြားတေးသံသွင်းကုမ္ပဏီ ရှိခဲ့ကြောင်း အထောက်အထားများ မရှိပေ။

ထို့ပြင် ၁၉၆၀ ခုနှစ် ဝန်းကျင်က မြန်မာ့ဓာတ်ပြားများကို ရန်ကုန်မြို့တွင် မာစတာတိပ်ခွေဖမ်းယူပြီးနောက်၊ အိန္ဒိယနိုင်ငံ ကာလကတ္တားမြို့ သို့မဟုတ် အင်္ဂလန်နိုင်ငံရှိ စက်ရုံကြီးများသို့ ပေးပို့ကာ သေသပ်လှပသော ဗီနိုင်းဓာတ်ပြားများအဖြစ် စနစ်တကျ ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဓာတ်ပြားများတွင် ပါဝင်သည့် စတေကာများတွင် ထုတ်ဝေသည့် ကုမ္ပဏီများ၏ မူပိုင်တံဆိပ်များကို ရောင်စုံစက်ရိုက်စနစ်ဖြင့် သေသပ်စွာ ပုံနှိပ်ထားပြီး၊ သီချင်းခေါင်းစဉ်၊ တေးရေး၊ တေးဆို အမည်များကို စနစ်ကျသပ်ရပ်သော ပုံနှိပ်စက်စာလုံးများ၊ တရားဝင်မှတ်ပုံတင်အမှတ်များဖြင့်သာ မဖြစ်မနေ ဖော်ပြရသည်ဟု သိရသည်။

ယခု စစ်တပ်က ဝါဒဖြန့်ထားသော ဓာတ်ပြားကာဗာကဲ့သို့ စက္ကူအကြမ်းပေါ်တွင် ဘောပင်ဖြင့် လက်ရေးလှ လျှောက်ရေးထားသည့် မြန်မာပြည်ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ် လက်လုပ်ဒီဇိုင်းမျိုး လုံးဝ မရှိခဲ့သည်ကိုလည်း သမိုင်းအချက်အလက်များအရ သိရသည်။

၁၉၇၀ ပြည့်နှစ်များ၏ အနှောင်းပိုင်းတွင် ပြည်သူပိုင်သိမ်းမှုကြောင့် မြန်မာနိုင်ငံ၌ ဗီနိုင်းဓာတ်ပြားခေတ် တဖြည်းဖြည်း ကုန်ဆုံးသွားပြီး ကက်ဆက်တိပ်ခွေခေတ်သို့ ကူးပြောင်းလာချိန်တွင် “ဗေဒါရုပ်ရှင်နှင့် တိပ်ခွေထုတ်လုပ်ရေး” သည် ဂီတလောက၌ အလွန်ထင်ရှားလာခဲ့ပြီး ဗေဒါခေတ်ဟု ခေါ်ဝေါ်ခဲ့ကြသည်။

မဆလခေတ် စီးပွားရေးစနစ်အောက်တွင် ကုန်ကြမ်းရှားပါးမှု အကျပ်အတည်းများကြောင့် ထုတ်လုပ်မှုစံနှုန်းများ နိမ့်ကျခဲ့ရပြီး၊ ဓာတ်ပြားခေတ်ဦးကကဲ့သို့ သားနားသော စက်ရုံထုတ်ဒီဇိုင်းများ မလုပ်နိုင်တော့ဘဲ စက္ကူအကြမ်းပေါ်တွင် လက်ဖြင့် စာလုံးဒီဇိုင်းဆွဲကာ အဖြူအမည်း မိတ္တူကူးစနစ်မျိုးဖြင့်သာ ရိုးရှင်းစွာ ထုတ်လုပ်နိုင်ခဲ့ခြင်းကြောင့် ဖြစ်သည်။

ယခု ဝါဒဖြန့်ထားသော စစ်တပ်၏ ဓာတ်ပြားကာဗာစတိုင်မှာ ၁၉၆၀ ခုနှစ်များက နိုင်ငံတကာအဆင့်မီ ဓာတ်ပြားခေတ်နှင့် လုံးဝကိုက်ညီမှုမရှိဘဲ၊ အဆိုပါ ထုတ်လုပ်မှုစံနှုန်း နိမ့်ကျလှသည့် မဆလခေတ်နှောင်းပိုင်း “ဗေဒါတိပ်ခွေခေတ်” ၏ လက်လုပ်ဒီဇိုင်းမျိုးသာ ဖြစ်နေသဖြင့် ရည်ရွယ်ချက်ရှိရှိ လုပ်ကြံထားသော အတုအယောင်ဖြစ်ကြောင်း ပိုမိုထင်ရှားစေသည်။

ထို့ပြင် AI နည်းပညာသုံး စစ်ဆေးမှုများအရ စစ်တပ်ဘက်က ဖြန့်ဝေနေသော အသံဖိုင်သည် ၁၉၆၀ ပြည့်နှစ်က အမှန်တကယ် ဖမ်းယူခဲ့သည့် ဓာတ်ပြားအသံသွင်းမှုမျိုး မဟုတ်ဘဲ ခေတ်ပေါ်နည်းပညာဖြင့် ပြန်လည်ဖန်တီးကာ ဓာတ်ပြားခေတ်ဟောင်းပုံစံ ဖန်တီးထားခြင်းဟု သိရသည်။

၎င်းအသံဖိုင်ထဲတွင် ပါဝင်သော တဖြောက်ဖြောက်နှင့် ခြစ်သံများ၊ အပ်ကြောင်းထပ်သံများနှင့် လှိုင်းသံများသည် မူလဓာတ်ပြားဟောင်းများတွင် ကြားရသည့် သဘာဝအသံမျိုး မဟုတ်ဘဲ၊ ခေတ်ပေါ် Audio Software များကို အသုံးပြု၍ ဒစ်ဂျစ်တယ်စနစ်ဖြင့် တမင်ဖန်တီးထားခြင်းဟုလည်း သိရသည်။

အလားတူ အဆိုပါ အသံဖိုင်တွင် အသုံးပြုထားသည့် မိုက်ခရိုဖုန်းအသံဖမ်းယူမှုနှင့် Sound Mix ပြုလုပ်ထားပုံသည်လည်း ခေတ်ဟောင်းအင်နာလော့ (Analog) စတူဒီယိုများ၏ အသံမျိုးမဟုတ်ဘဲ ခေတ်သစ်ဒစ်ဂျစ်တယ်စနစ်ဖြင့် အသံသွင်းထားခြင်းဟု စစ်ဆေးမှုရလဒ်များအရ သိရသည်။

အချုပ်ဆိုရလျှင် ဉာဏမူပိုင်ခွင့်နှင့် အနုပညာသမိုင်းကြောင်းအရ သွေးသစ္စာသီချင်း၏ မူလပိုင်ရှင်မှာ တေးရေး ထူးအိမ်သင်နှင့် သီဆိုသူ ကိုမွန်းအောင်တို့ ဖြစ်သည်။

ထို့ပြင် ခေတ်အဆက်ဆက် စစ်ကော်မရှင်၏ မတရားဖိနှိပ်မှုများကြောင့် တရားမျှတမှုအတွက် တိုက်ပွဲဝင်နေကြသည့် မြန်မာပြည်သူလူထုတစ်ရပ်လုံး၏ သွေးသစ္စာကို ကိုယ်စားပြုထားခြင်း ဖြစ်သည်။

အာဏာသိမ်းစစ်တပ်သည် ၎င်းတို့၏ စိတ်ဓာတ်စစ်ဆင်ရေးအရ ပြည်သူ့ရင်တွင်းမှ တော်လှန်ရေးအထိမ်းအမှတ်သီချင်းကို တန်ဖိုးချရန်နှင့် ၎င်းတို့ပိုင်အဖြစ် သမိုင်းဖျောက်ရန် ကြိုးပမ်းနေခြင်း ဖြစ်သည်။

သို့သော်လည်း ခိုင်လုံသော ဂီတသမိုင်းအထောက်အထားများအရ သွေးသစ္စာသီချင်းသည် စစ်တပ်ထုတ်ကုန်မဟုတ်ကြောင်း သက်သေပြနေပြီး ဖန်တီးသူ ထူးအိမ်သင်သည်သာ မူပိုင်ခွင့်ကို ပိုင်ဆိုင်သည်။

ထို့ပြင် တော်လှန်ရေးသမိုင်းကြောင်းအရမူ အမှန်တရားကို မြတ်နိုးပြီး မတရားမှုကို တွန်းလှန်နေကြသည့် မြန်မာပြည်သူလူထုတစ်ရပ်လုံးကသာ သွေးသစ္စာသီချင်းကို ထာဝရပိုင်ဆိုင်နေမည်ဟု ဆိုရမည် ဖြစ်ပေသည်။

ကိုးကား –
Myanmar’s Gramophone Record Collector (The Irrawaddy)
Gramophone Records and Eclectic Sounds (Coconuts Yangon)
How to Identify Authentic Vintage Vinyl Records (Vinyl Pressing)
မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) နှင့် ဂီတသမိုင်းမှတ်တမ်းများ

စာတည်း-ကိုဆန်း