ထိုင်းနိုင်ငံတွင် အလိုအလျောက် ရထားလမ်းကူးတား စနစ်များ တပ်ဆင်ရန် စီစဉ်နေ

ဓာတ်ပုံ- Bangkok Post
ပုံစာ- ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ရထားလမ်းကူးတွင် ယာဉ်ကြောရှင်းလင်းချိန်ကို စောင့်နေသည့် ရထားတစ်စင်း။

Thai Enquirer

ထိုင်းနိုင်ငံ၊ မြို့တော် ဘန်ကောက်တွင် ရထားနှင့် ကား တိုက်ခိုက်မိမှုဖြစ်ပြီးနောက် တစ်နိုင်ငံလုံးရှိ မီးရထားလမ်းကူးများတွင် အလိုအလျောက်အတားအဆီးစနစ်များကို တပ်ဆင်ရန် ပို့ဆောင်ရေးဝန်ကြီးဌာနက စီစဉ်နေသည်။

အဆိုပါ ဖြစ်စဉ်တွင် သေဆုံးသူ ရှစ်ဦးအနက် ခြောက်ဦး၏ မိသားစုများကို နစ်နာကြေးများ ပေးအပ်ပြီးဖြစ်ကြောင်း၊ မိသားစု တစ်စုလျှင် ဘန်ကောက်အများပြည်သူသယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့ (BMTA) နှင့် ထိုင်းနိုင်ငံတော်မီးရထားလုပ်ငန်း (SRT) တို့ထံမှ ဘတ် ၂ ဒသမ ၀၉ သန်းစီအပြင်၊ အခွင့်အရေးကာကွယ်စောင့်ရှောက်ရေးရန်ပုံငွေမှ နောက်ထပ် ဘတ် ၃၀၀,၀၀၀ စီ ရရှိကြမည်ဖြစ်ကြောင်း ဒုတိယပို့ဆောင်ရေးဝန်ကြီး သီရိဖုန်း အံခါးစကွန်းကီယက်က မေလ ၂၆ ရက် တွင် ပြောကြားသည်။

ထို့အပြင် ဝန်ကြီးဌာနအနေဖြင့် ဘန်ကောက်နှင့် ပတ်ဝန်းကျင်ဒေသများမှ စတင်ကာ ဘေးကင်းလုံခြုံမှုမရှိသော မီးရထားလမ်းကူးများကို သတိပေးမီးများ၊ အချက်ပေးဥဩများနှင့် အလိုအလျောက်အတားအဆီးများ တပ်ဆင်ကာ အဆင့်မြှင့်တင်ရန် စီစဉ်နေသည်။

ထိုင်းတစ်နိုင်ငံလုံးရှိ လမ်းကူးအများအပြားတွင် လက်ရှိအချိန်ထိ လူကိုယ်တိုင် ထိန်းချုပ်မောင်းနှင်ရသည့် စနစ်ကိုသာ အားကိုးနေရဆဲဖြစ်ပြီး လုံလောက်သော ဘေးကင်းလုံခြုံရေးစနစ်များ ကင်းမဲ့နေကြောင်း ၎င်းက ဆိုသည်။

လူသားတို့၏ ပေါ့ဆမှုကြောင့်ဖြစ်ရသော အမှားများကို လျှော့ချရန်နှင့် ရထားလမ်းကူး ဘေးကင်းလုံခြုံမှုကို မြှင့်တင်ရန် အစိုးရက နောက်ထပ် တစ်နှစ်မှ နှစ်နှစ်အတွင်း ရာနှုန်းပြည့် အလိုအလျောက်အတားအဆီးစနစ်များဆီသို့ ကူးပြောင်းရန် ရည်မှန်းထားသည်။