မန္တလေးတိုင်း၊ မြင်းခြံ – တောင်သာလမ်းပိုင်းတစ်နေရာတွင် ရိက္ခာပို့ပြီး ပြန်လာသည့် စစ်ကော်မရှင်နှင့် ပျူစောထီး ပူးပေါင်းအင်အားစုများကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကော်မရှင်ဘက်မှ ၁၁ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများပြားကြောင်း ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။
မေလ ၂၄ ရက် နံနက် ၁၀ နာရီ ၂၀ မိနစ်ခန့်တွင် မြင်းခြံ – တောင်သာလမ်းပိုင်း၌ ရိက္ခာပို့ပြီး မောင်းနှင်လာသည့် စစ်ကော်မရှင်နှင့် ပျူစောထီး အင်အား (၂၀) ခန့် လိုက်ပါလာသော Super Custom မော်တော်ယာဉ်တစ်စီးနှင့် 4-Wheel မော်တော်ယာဉ်တစ်စီးတို့ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ခြုံခိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကော်မရှင်နှင့် ပျူစောထီးအဖွဲ့ဝင် ၄ ဦးမှာ နေရာ၌ပင် ပွဲချင်းပြီးသေဆုံးခဲ့ပြီး၊ ပြင်းထန် ဒဏ်ရာဖြင့် ဆေးရုံသို့ ပို့ဆောင်ထားသူများအနက် ၇ ဦး ထပ်မံသေဆုံးခဲ့သဖြင့် စုစုပေါင်း ၁၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ထို့ပြင် ကျန်ရှိသူအချို့လည်း ပြင်းထန်ဒဏ်ရာများ ရရှိခဲ့သည်။
“မြို့နဲ့ အနီးကပ်ဆုံးနေရာမှာ စစ်ဆင်ရေးလုပ်ရတာဖြစ်လို့ ရန်သူ့ထံက သိမ်းဆည်းရမိတဲ့ စူပါကာစတန် ကားကိုတော့ ထားပစ်ခဲ့ရတယ်။ သေနတ် ၄ လက်နဲ့ အခြားစစ်အသုံးအဆောင်ပစ္စည်းတွေကိုတော့ သိမ်းဆည်းနိုင်ခဲ့တယ်” ဟု zero ပြောက်ကျားတပ်ဖွဲ့(မြင်းခြံ)-တပ်ရင်း(၇)မှ ကိုသက်ကြီးက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာ၌ ရေးသားထားသည်။
အဆိုပါ ကြားဖြတ်တိုက်ခိုက်မှုကို Zero ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ) – တပ်ရင်း (၇)၊ မြင်းခြံခရိုင် တပ်ရင်း (၁)၊ မြင်းခြံခရိုင် တပ်ရင်း (၂)၊ မြင်းခြံမြို့နယ် ပကဖ တိုက်နယ် ၂ နှင့် နွားထိုးကြီးမြို့နယ် ပကဖ (တန-၂) စသည့် ညီနောင်မဟာမိတ်တပ်ဖွဲ့များ ပူးပေါင်းကာ အချိန်တိုအတွင်း လျှင်မြန်စွာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များဘက်မှ ထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
စာတည်း-ML
ဓာတ်ပုံ-သက်ကြီး
