မြန်မာလက်နက်ပွဲစားကွန်ရက်ထံ ရှယ်ယာရောင်းချမှုကို ဆိုင်းငံ့မိန့် ထုတ်ပြန်ချက် JFM ကြိုဆို

မြန်မာစစ်လက်နက်ပွဲစားကွန်ရက် Sky Aviator ထံ ACC ၏ ရှယ်ယာရောင်းချမှုကို ဆိုင်းငံ့လိုက် သည့် SEC ဆုံးဖြတ်ချက်အပေါ် ကြိုဆိုကြောင်း Justice For Myanmar က ထုတ်ပြန်သည်။

ထိုင်းနိုင်ငံ၏ ‌ချေးငွေသက်သေခံလက်မှတ်နှင့် လဲလှယ်ရေးကော်မရှင် (SEC) သည် Advanced Connection Corporation Public Company Limited (ACC) ၏ သီးသန့်ရှယ်ယာလွှဲပြောင်း ရောင်းချမှုအစီအစဥ်ကို ဆိုင်းငံ့လိုက်ပြီး ယင်းရှယ်ယာများကို ACC က Sky Aviator လက်နက်ပွဲစား ကွန်ရက်တွင် ပါဝင်သည့် ကုမ္ပဏီနှစ်ခုဖြစ်သော Sky Aviator Trading နှင့် Heli Asia Trading တို့အ ပြင် ထိုင်းနိုင်ငံသား ရင်းနှီးမြှုပ်နှံသူတစ်ဦးဖြစ်သည့် Wichai Wanavit တို့ထံ ရောင်းချရန် ကမ်းလှမ်း ထားခြင်းဖြစ်ကြောင်း Justice For Myanmar ကထုတ်ပြန်သည်။
Sky Aviator ကုမ္ပဏီနှစ်ခုစလုံးသည် စင်ကာပူနိုင်ငံတွင် မှတ်ပုံတင်ထားပြီး ထိုင်းနိုင်ငံတွင် အမည်တူ လုပ်ငန်းခွဲများကို ပိုင်ဆိုင်ထားကြောင်း သိရသည်။

SEC ၏ ထုတ်ပြန်ချက်အရ “ရှယ်ယာရှင်များအစည်းအဝေး ခေါ်ယူသည့်အသိပေးစာအတွင်း ACC ၏ ရှင်းလင်းတင်ပြ၊ ထုတ်ဖော်ပြောဆိုချက်များတွင် အရေးပါ‌သော အချက်အလက်များ ပါဝင်နေခြင်း မရှိသည့်အပြင် အရင်းအနှီးဈေးကွက်ကွပ်ကဲရေးဘုတ်အဖွဲ့၏ အသိပေးထုတ်ပြန်ချက်အမှတ် Tor Jor. 73/2558 ၏ ပုဒ်မ ၅ (၂) (ခ)၊ ပုဒ်မ ၅ (၄)၊ ပုဒ်မ ၇ (၂) ပါ သတ်မှတ်ချက်များနှင့်လည်း ကိုက်ညီ မှုမရှိ‌နေကြောင်း SEC က တွေ့ရှိခဲ့သည်” ဟု ဖော်ပြထားကြောင်း သိရသည်။

ဧပြီ ၂၇ ရက်တွင် ကျင်းပသည့် ACC ရှယ်ယာရှင်များအစည်းအဝေး၌ ကုမ္ပဏီ၏ လွတ်လပ်သော ဘဏ္ဍာရေးအကြံပေး၏ အကြံပြုချက်ကိုဆန့်ကျင်ကာ အဆိုပါ သီးသန့်ရှယ်ယာလွှဲပြောင်းရောင်းချမှု အစီအစဉ်ကို မဲခွဲဆုံးဖြတ်အတည်ပြုခဲ့ပြီးနောက် SEC က ယခုကဲ့သို့ ဆိုင်းငံ့မိန့်ထုတ်ပြန်ခဲ့ခြင်း ဖြစ် ကြောင်း JFM ကဆိုသည်။

ACC၊ SEC၊ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးရုံး (AMLO) နှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေးဌာန (DBD) တို့ထံ စာရေးသားပေးပို့ကာ Sky Aviator ကွန်ရက်သည် အမည်ခံပိုင်ဆိုင်မှုဖွဲ့စည်း ပုံကို အသုံးပြု၍ ACC တွင် အရေးပါသော ရှယ်ယာပမာဏတစ်ရပ်ရယူရန် ကြိုးပမ်းနေပြီး ယင်းသည် ငွေကြေးခဝါချမှုဆိုင်ရာ စိုးရိမ်ဖွယ်ရာများကို ဖြစ်ပေါ်စေကြောင်း Justice For Myanmar သတိပေး ခဲ့ပြီးနောက် ယခုကဲ့သို့ ဆိုင်းငံ့မိန့် ထွက်ပေါ်လာခြင်းဖြစ်ကြောင်း သိရသည်။

ACC သည် SEC ၏ အသိပေးထုတ်ပြန်ချက်အပေါ် ချက်ချင်းတုံ့ပြန်ခဲ့ပြီး ၎င်းတို့အနေဖြင့် ရှယ်ယာ ဝယ်ယူမှုအတွက် ငွေပေးချေမှုများကို လက်ခံထားပြီးဖြစ်သော်လည်း လက်ရှိအချိန်တွင် သီးသန့်ရှယ် ယာလွှဲပြောင်းရောင်းချမှုအစီအစဥ်ဖြင့် ကုမ္ပဏီ၏ မတည်ရင်းနှီးငွေ တိုးမြှင့်ခြင်းလုပ်ငန်းစဉ်ကို ဆက် လက်ဆောင်ရွက်နိုင်မည် မဟုတ်ကြောင်း ပြောကြားခဲ့သည်ဟု JFMကဆိုသည်။

ထို့နောက် မေလ ၁၈ ရက်နေ့တွင် ACC ၏ ဒါရိုက်တာအဖွဲ့အစည်းအဝေးကို ကျင်းပကာ SEC ၏ ရှယ်ယာရောင်းချမှု ဆိုင်းငံ့မိန့်ကို အယူခံဝင်ရန် ဆုံးဖြတ်ခဲ့ပြီး ACC က SEC အနေဖြင့် ထပ်မံသုံးသပ် နိုင်ရန်အတွက် တင်ပြသင့်သည့် နောက်ထပ်အချက်အလက်များနှင့် အထောက်အထားများ ရှိနေ သည်ဟု ကုမ္ပဏီက ယူဆကြောင်း ထုတ်ပြန်ခဲ့သည်ဟု JFMကဆိုသည်။

Sky Aviator ကွန်ရက်ကို ဦးဆောင်သူမှာ ကျော်မင်းဦး ဖြစ်ပြီး ၎င်းသည် မြန်မာစစ်တပ်၏ အဓိက လက်နက်ပွဲစားများထဲမှ တစ်ဦးဖြစ်သည်။

ကျော်မင်းဦးကို အမေရိကန်၊ ဗြိတိန်၊ အီးယူနှင့် ကနေဒါနိုင်ငံတို့က ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ် ထားပြီး ၎င်း၏ မြန်မာစီးပွားရေးလုပ်ငန်းအချို့အပေါ်လည်း ထပ်မံပိတ်ဆို့မှုများ ချမှတ်ထားသည်ဟု JFMကဆိုသည်။

စာတည်း-ML