မွန်ပြည်နယ်၊မုဒုံမြို့နယ်၊ကမာဝက်မြို့တွင် ငွေအတောင်းကြမ်းသည့် ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦး သေနတ်နှင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရသည်။
မေလ၂၅ရက်၊ည၈နာရီခန့်တွင် ကမာဝက်မြို့၊ဂုံညှင်းတန်းရပ်ကွက်နေ ပြည်သူ့စစ်ခေါင်းဆောင် ကျော်မင်း ၎င်း၏ နေအိမ်၌ ရှိနေစဉ် လက်နက်ကိုင်၂ဦး ဆိုင်ကယ်ဖြင့် ရောက်လာကာ သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း မုဒုံဒေသခံ သတင်းရင်းမြစ်ထံက သိရသည်။
“သေချာအကွက်ချပြီး ရောက်လာတဲ့သဘောပဲ။ဦးကျော်မင်း အိမ်မှာရှိနေတာကို သိနေတယ်။ဆိုင် ကယ်နဲ့လာပြီး ဝင်ပစ်ပြီးတော့ ဆိုင်ကယ်မောင်းထွက်သွားတယ်။ပစ်ပြီးရင် ဘယ်လမ်းကနေ ထွက် မယ်ဆိုတာလည်း ကြိုစီစဉ်ထားပုံရတယ်။ဆိုင်ကယ်ကို အရမ်းမောင်းသွားတာမျိုးတောင် မရှိဘူးလို့ ပြောကြတယ်။ဦးကျော်မင်းအသက်ကတော့ ၅၅လောက်ရှိပြီ”ဟု ၎င်းက MPAသို့ပြောသည်။
ရင်ဘတ်ထဲ ကျည်ဖောက်ဝင်ဒဏ်ရာရရှိခဲ့သော ကျော်မင်းကို ကမာဝက်တိုက်နယ်ဆေးရုံ၌ ဆေးကု သမှုပေးနေစဉ် သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။
“ကျော်မင်းက အရင်တုန်းကလည်း ပြည်သူ့စစ်ပဲ။အာဏာသိမ်းပြီးတော့ စစ်တပ်နဲ့ပေါင်းပြီးတော့ လက်ရဲဇက်ရဲဖြစ်လာတယ်။ဒေသခံတွေဆီက ငွေကောက်တဲ့နေရာမှာ နာမည်ကြီးတယ်။သူလည်း အဲဒါနဲ့ပဲ လုပ်စားနေတာ။အဲဒါကြောင့် အပစ်ခံရတာလို့ ထင်တယ်”ဟု ၎င်းက ဆက်လက်ပြောသည်။
ကျော်မင်း ပစ်ခတ်ခံရပြီးနောက် စစ်အုပ်စုဝင်တို့ ရောက်ရှိကာ အနီးဝန်းကျင်ကို စစ်ဆေးမေးမြန်းခဲ့ သော်လည်း ပစ်ခတ်သူများနောက်သို့ လိုက်လံဖမ်းဆီးခြင်းမျိုးမရှိကြောင်း သိရသည်။
ကျော်မင်းကို မည်သည့်အဖွဲ့က ပစ်ခတ်ခဲ့သလဲဆိုသည်ကိုမူ မသိရသေးပေ။
စာတည်း-ML
