မြိုင်တွင် နယ်မြေရှင်းစစ်ကြောင်း တော်လှန်ရေး ပေပါမိုင်းထိပြီး ၁၅ဦးသေဆုံးဟုဆို

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် နယ်မြေရှင်းလင်းရေးလုပ်သည့် စစ်ကြောင်း တော်လှန်ရေးပေပါမိုင်းထိ ကာ ၁၅ဦး သေဆုံးခဲ့ကြောင်း သိရသည်။

မေလ ၂၆ရက် ၊ ညနေ ၅နာရီခွဲခန့်က မြိုင်မြို့နယ်၊ လင်းကတောရဲစခန်းမှ အင်အား ၁၅၀ ခန့်ဖြင့် ထွက်လာသော စစ်ကြောင်းကို လင်းကတောရဲစခန်းမြောက်ဘက် ချောက်တောင်းကျေးရွာအနီးတွင် တော်လှန်ရေးတပ်ဖွဲ့များက ‌မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ဒဏ်ရာရရှိသူလည်း များကြောင်း မြိုင်ပကဖ ရဲဘော်တစ်ဦးထံက သိရသည်။

” ပေပါမိုင်းအကြီး တစ်လုံးခွဲပြီး တိုက်ခိုက်နိုင်ခဲ့တာပါ။ သေဆုံးမှုကတော့ လက်ရှိအချိန်ထိ ရှင်းလင်း ရေးတွေမလုပ်ရသေးတော့ ဒရုန်းနဲ့ကြည့်ပြီးပဲ အတည်ပြုနိုင်ခဲ့ပါတယ်။ ဒဏ်ရာရတဲ့သူအရေအတွက် လည်းများနိုင်ပါတယ်။ ပေပါမိုင်းက အုံလိုက်ကျင်းလိုက်ကြီးခွဲရတာဆိုတော့ ထိခိုက်မှုလည်း များနိုင် ပါတယ်” ဟု ၎င်းက မေ၂၆ရက်ညတွင် MPA ကို ပြောသည်။

ယင်းစစ်ကြောင်း မိုင်းဆွဲခံရပြီးနောက် လင်းကတောရဲစခန်းကို ပြန်လည်ဆုတ်ခွာသွားကြောင်း သိရသည်။

” ပေါင်းတည်ရွာဘက်ကို နယ်မြေရှင်းလင်းရေးလုပ်ဖို့ ထွက်လာတဲ့စစ်ကြောင်းပါ။ လင်းကတောကို ကျနော်တို့ဝင်တိုက်မှာစိုးလို့ အင်အားဖြည့်ပြီး ‌အနီးအနားရွာတွေကို စစ်ကြောင်းပတ်ထိုးနေတာ” ဟု ၎င်းက ဆက်လက်ပြောသည်။

မေလ ၂၅ရက်ကလည်း မြိုင်မြို့နယ် လင်းကတောရဲစခန်းမှ အင်အား ၂၀၀ ခန့်ဖြင့် ထွက်လာသော စစ်ကြောင်းကို တော်လှန်ရေးတပ်များက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သားတစ်ဦး သေဆုံးကာ ၃ဦးဒဏ်ရာရရှိခဲ့သေးသည်။

လင်းကတောရဲစခန်းတွင် ယခင်က စစ်အင်အား ၅၀ ခန့်သာရှိသော်လည်း သရက်ကန်ပျူရွာကို တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်အင်အား ၂၀၀ ထိ တိုးမြှင့်ထားကြောင်း သိရသည်။

မေလ၂၃ရက်တွင် သရက်ကန်ပျူရွာကို တော်လှန်ရေးပူးပေါင်းတပ်က သိမ်းပိုက်ခဲ့သည်။

စစ်သားများ သေဆုံး၊ဒဏ်ရာရမှုကို MPAအနေနှင့် သီးခြားအတည်မပြုနိုင်ပေ။

စာတည်း-ML