မော်လမြိုင်မြို့ပေါ်တွင်လည်း ပေါ်တာဆွဲနေဟု စစ်လော်ဘီ ဖွင့်ချ

မွန်ပြည်နယ်၊မော်လမြိုင်မြို့ပေါ်တွင်လည်း ပေါ်တာဆွဲကာ စစ်မှုထမ်းသင်တန်းသို့ အဓမ္မပို့ဆောင်နေ ကြောင်း ဒေသတွင်း စစ်လော်ဘီ ဇင်မိုးက ဖွင့်ချလိုက်သည်။

မော်လမြိုင်မြို့၊သာယာအေးရပ်ကွက်၊ ကိုးဝချောင်ပိုင်းနေ စည်သူနိုင်သည် အလုပ်မှအပြန် ပေါ်တာ ဆွဲခံရကာ စစ်မှုထမ်းသင်တန်းသို့ ပို့ဆောင်ခံရပြီး ယခုအခါ သထုံ ခမရတစ် တွင် စစ်မှုထမ်းတပ်သား ဖြစ်နေပြီဖြစ်ကာ စည်သူနိုင်က အဘိုးအဘွားများနှင့် အဆက်အသွယ်ပြန်ရချင်သဖြင့် ၎င်း(ဇင်မိုး)ထံ အကူအညီတောင်းခံလာခြင်းဖြစ်ကြောင်း ဇင်မိုးက သူ၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ် ရေးသားထား သည်။

“အဓိကက စစ်မှုထမ်းတာဝန် ထမ်းဆောင်နေရတဲ့မောင်စည်သူနိုင်ရဲ့ အဘိုး၊အဘွားတွေနဲ့ အဆက် အသွယ်ရပြီး ငါတို့မြေးလေးဟာ ရုတ်တရတ် ပျောက်သွားတာမဟုတ်ဘဲ စစ်မှုထမ်းပါသွားပြီး ယခု တာဝန်ကျတဲ့နေရာမှာ စစ်မှုထမ်း တာဝန်ထမ်းဆောင်နေတာ သိသွားရင်ရပါပြီ”ဟု ဇင်မိုးက ရေး သားထားသည်။

ထို့ကြောင့် သာယာအေးရပ်ကွက်အတွင်းရှိ စည်သူနိုင်၏ အဘိုးအဘွားနှင့် သိရှိသူများအနေနှင့် ဆက် သွယ်အကြောင်းကြားပေးကြရန် ဇင်မိုးက မေတ္တာရပ်ခံထားပြီး စည်သူနိုင်၏ ဖုန်းနံပါတ်ကိုလည်း ဖော်ပြထားသည်။

စည်သူနိုင်က ဇင်မိုးထံသို့ မည်သို့ ဆက်သွယ်အကူအညီတောင်းခံသလဲဆိုသည်ကိုမူ ဖော်ပြထားခြင်း မရှိပေ။

မော်လမြိုင်မြို့ခံ လူမှုကူညီရေးသမားတစ်ဦးက “ကျနော်တို့ မော်လမြိုင်မြို့စွန်ရပ်ကွက်တွေမှာ ညဘက် ပေါ်တာဆွဲတယ်လို့ အရင်က နည်းနည်းပါးပါး ကြားခဲ့ဖူးတာကို ကောလာဟလလို့ ထင်ခဲ့ ဖူးတယ်။အခု ဇင်မိုးဖော်မှပဲ တကယ်ပေါ်တာဆွဲမှန်း သိရတော့တယ်။ပြည်သူတွေ သတိထားကြပါ။ မော်လမြိုင်မှာ ညဘက် ခွေးဆွဲနေတာ သူတို့ခွေးချင်းဖော်ထားတာဆိုတော့ သေချာတယ်”ဟု MPA သို့ပြောသည်။

ပြီးခဲ့သည့်ဧပြီလကလည်း မော်လမြိုင်မြို့အနီးရှိ ချောင်းဆုံမြို့နယ်၊ကမနင်းရွာထိပ်တံတားတွင် ညဦးပိုင်း၌ လူငယ်တစ်ဦးထိုင်နေစဉ် စစ်တပ်က ဖမ်းဆီးသွားခဲ့ရာ ချောင်းဆုံမြို့၊ဘုရားကြီးကုန်းနှင့် ပိုင်လဝမ်းရွာကြားရှိ လေ့ကျင့်ရေးတပ်၌ ကျပ်သိန်း၁၂၀ဖြင့် ၎င်း၏ မိသားစုဝင်တို့က ပြန်ရွေးခဲ့ရ ကြောင်း ချောင်းဆုံရပ်ကျေးအုပ်ချုပ်ရေးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ဓာတ်ပုံ-Zin Moe ဖေ့စ်ဘွတ်ခ်
ပုံစာ- စစ်လော်ဘီဇင်မိုး
စာတည်း-ML