အစိုးရတုအဖြစ် အသွင်ပြောင်းခါစတွင် လူယောင်ဆောင်ကာ သိက္ခာထိန်းခဲ့သမျှ မေလ၌ အတိုးချ ပေါ်တာဆွဲနေကြောင်း Rangoon Scout Network-RSN က ဆိုသည်။
အစိုးရတုအဖြစ် စတင်တာထွက်လာသည့် ဧပြီလတွင် ရန်ကုန်မြို့၌ အဖမ်းအဆီးနှင့်ပေါ်တာဆွဲမှုများ သိသိသာသာ လျော့ပါးသွားခဲ့သော်လည်း ယခုလအတွင်း သိသိသာသာ မြင့်တက်လာကြောင်း သိရသည်။
“ အခု မေလထဲ အိမ်ထိလိုက်ဆွဲတာရော၊ လမ်းပေါ်လိုက်ဆွဲတာရော ပြန်များလာပါတယ်။ ကျောက် မြောင်းဘက် လူကြားထဲ လိုက်ဆွဲတဲ့ ဗီဒီယိုပါ ထွက်လာတဲ့ထိ ဆိုးလာတာ တွေ့ရမှာပါ။ ပြီးခဲ့တဲ့ ဧပြီ လတုန်းကတော့ သိရတာ အတော်နည်းသွားပါတယ်။ သင်္ကြန်ကြောင့်ရော မအလ အသွင်ပြောင်းခါစ ဖြစ်တာရောကြောင့် ထိန်းခဲ့တာ ထင်ပါတယ်။ အဲ့ကြောင့် ခုမေလ အတိုးချပြီး ဆွဲနေပုံရတယ်ဗျ” RSN တာဝန်ရှိသူတစ်ဦးက MPAသို့ပြောသည်။
ဧပြီလအတွင်း ရန်ကုန်မြို့၌ စစ်တပ်၏ မတရားဖမ်းဆီးခြင်းခံရသူ ၃၂ဦးသာ ရှိခဲ့ရာမှ မေလ၁ရက်မှ ၂၄ရက်အတွင်း ဖမ်းဆီးခံရသူ ၄၁ဦးထက်မနည်း ရှိလာကြောင်း Rangoon Scout Network -RSN ၏ ထုတ်ပြန်ချက်များအရ သိရသည်။
“စစ်ကော်မရှင်လက်ထက်တုန်းက ရန်ကုန်မှာ လမ်းမတွေပေါ် ပေါ်တာဆွဲတာတွေပဲ တွေ့ရတယ်။အ ခု မင်းအောင်လှိုင်က သမ္မတအယောင်ဆောင်ပြီးမှပဲ စစ်မှုထမ်းစာရင်းနဲ့ အိမ်ထဲထိ လိုက်ဖမ်းတာတွေ ပါ ဖြစ်လာတယ်”ဟု ရန်ကုန်မြို့ရဲသတင်းရင်းမြစ်က ဆိုသည်။
ယင်းမှာ အစိုးရတုလက်ထက် ရက်၁၀၀ စီမံချက်အတွင်း ပြည်သူကိုပေးသော စိတ်သောကအသစ် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက တာမွေမြေို့နယ်၊ကျောက်မြောင်း၌ လူငယ်တစ်ဦးကို ပေါ်တာဆွဲ ဖမ်းဆီးသည့် အရပ်ဝတ်ရဲ၂ဦးအား ဒေသခံများက ဝိုင်းဝန်းရိုက်နှက်ခဲ့သည့် ရုပ်သံဖိုင်တစ်ခု ဖေ့စ်ဘွတ်ခ်ပေါ် ပျံ့နှံ့ခဲ့သေးသည်။
ဓာတ်ပုံ-AFP
ပုံစာ-၂၀၂၁ခုနှစ်အတွင်း ရန်ကုန်တွင် စစ်တပ်က လူငယ်များကို ဖမ်းဆီးနေပုံ။
စာတည်း-ML
