စစ်သားများကို ဖမ်းမိလျှင် တော်လှန်ရေးတပ် သတ်မည်ဆိုသည့် စစ်တပ်ဝါဒမှိုင်းသည် မဟုတ်မှန် ဟုဆို

ဓာတ်ပုံ - ယင်းမာပင်ခရိုင် ပကဖ
စစ်သားများ အလင်းဝင်ရန် ပြောနေသည့် အလင်းဝင်စစ်မှုထမ်းတပ်သား။

စစ်မှုထမ်းတပ်သားများကို ဖမ်းမိပါက တော်လှန်ရေးတပ်ဖွဲ့များက သတ်ပစ်သည်ဆိုသည့် စစ်တပ်ဝါဒမှိုင်းသည် မဟုတ်မှန်ကြောင်း အလင်းဝင် စစ်မှုထမ်းတပ်သားတစ်ဦးက ဆိုသည်။

မေလ ၂၇ ရက် ညပိုင်းတွင် ယင်းမာပင်ခရိုင် ပကဖ က ထုတ်ပြန်သည့် ဗီဒီယိုဖိုင်၌ အလင်းဝင် စစ်မှုထမ်းတပ်သားတစ်ဦးက အထက်ပါအတိုင်း ပြောကြားကာ စစ်တပ်တွင်းရှိ စစ်သားများအား အလင်းဝင်လာကြရန် ဖိတ်ခေါ်လိုက်သည်။

“ခင်ဗျားတို့ ပြောပြောနေတဲ့ စစ်တပ်ထဲက ဝါဒမှိုင်းတွေဖြန့်နေတဲ့ ခင်ဗျားတို့ကို တော်လှန်ရေးတပ် ဖွဲ့တွေက ခင်ဗျားတို့ကိုမိရင် ခင်ဗျားတို့ကို သတ်မယ်ဆိုတာအလကားပါပဲ။ ကျနော်တို့ကိုပဲ အခု ကြည့်ပါ။ အေးဆေးပါပဲ။ ကျနော်တို့ မိသားစုတွေနဲ့ တွေ့ရတော့မယ်။ အေးချမ်းသာယာတဲ့ ဘဝ ကိုလည်း ပိုင်ဆိုင်ရတော့မယ်”ဟု အလင်းဝင် စစ်မှုထမ်းတပ်သားက ဆိုသည်။

စစ်တပ်ထဲရှိ စစ်သားများအနေဖြင့် တော်လှန်ရေးတပ်ဖွဲ့များနှင့် အမြန်ဆုံး ဆက်သွယ်ကြရန်နှင့် တော်လှန်ရေးတပ်ဖွဲ့များက အေးအေးချမ်းချမ်းဖြင့် မိသားစုထံ အရောက်ပြန်ပို့ပေးမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

“ စစ်သားတွေ အလင်းဝင်လာဖို့ တော်လှန်ရေးဘက်က လှုံ့ဆော်တာတွေ၊ ဖိတ်ခေါ်တာတွေ၊သက် ဆိုင်ရာနယ်မြေအလိုက် စစ်သားတွေ အလွယ်တကူချိတ်ဆက်ပြီး အလင်းဝင်လာနိုင်အောင် ဆက် သွယ်ရေးလမ်းကြောင်းဖွင့်တာတွေက အရမ်းကို အားနည်းလွန်းတယ်။အခုလို အလင်းဝင်ဖို့ ဖိတ်ခေါ် တဲ့ ဗီဒီယိုဖိုင်ထုတ်လွှင့်တာမျိုးကို များများ လုပ်ပေးနိုင်လေ ကောင်းလေပါပဲ”ဟု နယ်စပ်ဒေသအ ခြေစိုက် CDMအရာရှိတစ်ဦးက MPAသို့ပြောသည်။

အလင်းဝင်လျှင် လက်နက်ပါ တစ်ပါတည်း ယူဆောင်လာသင့်ကြောင်းနှင့် တော်လှန်ရေးတပ်ဖွဲ့များ က ပေးအပ်သည့် ဆုငွေဖြင့် အိမ်ပြန်ရောက်ပါက မိဘကို ပြန်လည် ကန်တော့နိုင်မည်ဖြစ်ကြောင်း လည်း အလင်းဝင်စစ်သားက ထည့်သွင်းပြောကြားခဲ့သေးသည်။

စာတည်း-ML