ဖားကန့် – ကာမိုင်းလမ်းပိုင်းကို ကေအိုင်အေ ၁၀ရက် ပြန်ဖွင့်ပေး

ဓာတ်ပုံ - Tarlin Mg
ပုံစာ - ဖားကန့်မြို့၊ ဉရုရတနာ ကျောက်စိမ်းတောင် တံတား။ ( ပုံဟောင်း )

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ ဖားကန့် – နန့်ယား – ကာမိုင်းလမ်းပိုင်းကို ကေအိုင်အေက ၁၀ရက် ပြန်ဖွင့်ပေးလိုက်ကြောင်း သိရသည်။

တစ်လကျော်ကြာ ပိတ်ထားခဲ့သော ယင်းလမ်းကို ယနေ့ ( မေလ ၂၈ရက် )မှစတင်ကာ ၁၀ရက်ကြာ ယာယီသွားလာခွင့် ပြုလိုက်ခြင်းဖြစ်ကြောင်း ဖားကန့်မြို့ စစ်ရေးသတင်းရင်းမြစ်က MPA ကိုပြောသည်။

” အဓိကကတော့ ကျောင်းအပ်ချိန်လည်းဖြစ်၊ ကျောင်းဖွင့်ချိန်ရောက်တော့မှာမို့ ပြည်သူတွေ ကျောင်း သားမိဘတွေ အဆင်ပြေအောင် ခဏပြန်ဖွင့်ပေးတဲ့သဘောပါ။ ၁၀ရက်ပြီးရင်တော့ စစ်ရေးအခြေအ နေအပေါ် မူတည်ပြီး ပြန်ဖွင့်မလား၊ ထပ်ပိတ်မလား စောင့်ကြည့်ရမယ်” ဟု ၎င်းက ပြောသည်။

ယင်းလမ်းပိုင်းကို ဧပြီ ၂၂ ရက်မှစတင်ကာ ကေအိုင်အေက ပိတ်ထားခဲ့ခြင်းဖြစ်ပြီး စစ်တပ်ကလည်း ထပ်မံပိတ်ဆို့မှုများ ရှိခဲ့သည်။

” ကေအိုင်အေ က လမ်းစပိတ်တယ်ဆိုပေမဲ့ အဲလမ်းပိုင်းကို ထိန်းချုပ်ထားတာက စစ်တပ်ပေါ့နော်။ စစ်တပ်က လမ်းပိုင်းမှာ စစ်ရေးလှုပ်ရှားမှုတွေ လုပ်လာတယ်။ အဲဒီလမ်းပိုင်းကို အသုံးပြုပြီး ဖားကန့် ကို အင်အားတိုးတာတွေလည်း ရှိတော့ ကေအိုင်အေက စစ်ရေးဖော်ဆောင်မှာမို့ ပြည်သူတွေ လမ်းမ သုံးဖို့ အရင်စာစထုတ်တာ။ စစ်တပ်ကလည်း လမ်းပိုင်းထပ်ပိတ်ပေမဲ့ တချို့ကုန်ကားတွေ ညှိနှိုင်းပြီး ဖြတ်သန်းသွားလာကြတာမျိုးရှိတယ် ” ဟု ၎င်းက ဆက်လက်ပြောသည်။

လမ်းပိတ်မှုကြောင့် ဒေသတွင်း၌ ကုန်ဈေးနှုန်း မြင့်တက်ခဲ့သဖြင့် ပြန်လည်ဖွင့်ပေးရန် ဒေသခံများက တောင်းဆိုမှုများ ရှိကြောင်း သိရသည်။

ဖားကန့် – နန့်ယား – ကာမိုင်းလမ်းပိုင်းသည် ဖားကန့်မြို့နယ်ထဲသို့ ကုန်စည်ဝင်ရောက်သည့် အဓိကလမ်းဖြစ်ပြီး ယင်းလမ်းအပြင် ဝှေခါ – အင်းတော်ကြီး – ဆိပ်မူ လမ်းနှင့် တာမခန် – ဟောင်ပါး ရေလမ်းကြောင်းတို့မှလည်း ကုန်စည်များ ဝင်ရောက်မှုရှိကြောင်း သိရသည်။


စာတည်း-ML