ရန်ကုန်မှာ ခွေးတစီစီ

[ ဆောင်းပါး ]

ရန်ကုန်ညတွေမှာ ခွေးတွေက ဗိုလ်ကျ မိုက်ကြေးခွဲနေတယ်လို့ ရန်ကုန်မှာမွေးပြီး ရန်ကုန်မှာ ကြီးခဲ့တဲ့ အသက်၆၀ကျော်အရွယ် ရန်ကုန်မြို့သားကြီး က ဆိုတယ်။

ရန်ကုန်ညတွေမှာ ဗိုလ်ကျနေတာ ဘယ်လိုခွေးတွေလဲဆိုတော့ လမ်းဘေးခွေး၊စစ်ခွေး၊ရဲခွေး၊ ပျူခွေး၊ ခွေးလေခွေးလွင့် စသဖြင့် ခွေးပေါင်းစုံလင် ဖြစ်ချင်တိုင်း ဖြစ်နေတယ်လို့လည်း ဆိုတယ်။

ရန်ကုန်မှာ မအောင်မြင်တဲ့ အာဏာသိမ်းပွဲ စတင်တဲ့အချိန်ကစလို့ လမ်းဘေးခွေးတွေက ထိန်းမနိုင် သိမ်းမရ မျိုးပွားနှုန်းသန်လိုက်တာမှ ရန်ကုန်ဟာ ခွေးတွေနဲ့ ရန်ကုန်ပမာ ဝက်ဝက်ကွဲ စည် ကားနေတယ်လို့လည်း ဆိုတယ်။

ရန်ကုန်မြို့လယ်ခေါင်ကစလို့ ရန်ကုန်မြို့ နေရာအနှံ့ အကြိုအကြားမကျန် လမ်းဘေးခွေးတွေ နဲ့ လွတ်တဲ့နေရာ မရှိ။နေ့ခင်းဘက် ပလက်ဖောင်းပေါ် လမ်းလျှောက်ရင်လည်း ခွေးတွေကို တက်မ နင်းမိအောင် သတိထား ရှောင်ရှားရ။ သွားရည်တမြားမြားကျနေတဲ့ ခွေးရူးတွေရဲ့ အန္တရာယ်ကိုလည်း မျက်စိရှင်ရှင်ထားရ။

“ခွေးကိုက်ခံရလို့ ကာကွယ်ဆေးအခမဲ့ထိုးပေးတဲ့နေရာ မရှိတော့ဘူး။ ကိုယ့်ဟာကိုယ် မငတ် အောင် မနည်းရုန်းကန်နေရတဲ့အချိန်မှာ ခွေးရူးကာကွယ်ဆေးထိုးရရင် ၃သိန်းလောက် ကုန်မှာ”လို့ လှိုင်မြို့နယ်၊၂ရပ်ကွက်နေ အိမ်ရှင်မတစ်ဦးက ပြောတယ်။

လမ်းဘေးခွေးတွေက သိပ်များပြီး အငတ်ဘေးသင့်နေကြလေတော့ လမ်းဘေးဆိုင်တွေမှာ တစ်ခုခု ဝင်စားတဲ့အခါ ကိုယ့်ပန်းကန်ထဲက အစားအစာကို လုစားတော့မတတ် ခေါင်းတိုးဝင်လာတဲ့ ခွေးတွေကြောင့် စိတ်ညစ်ကြရ။ ဈေးကနေအပြန် အသားငါးဝယ်လာတဲ့အခါ ခွေးဆွဲမခံရအောင် လည်း သတိထားရ။

“တစ်ခါက ကျမ ကြက်သားဝယ်ပြီး ပလတ်စတစ်အိတ်ထဲ ထည့်ပြီး လက်လွှဲလျှောက်လာ တာ။ ခွေးတစ်ကောင်က အနောက်ကနေ ဟပ်ပြီး လုပြေးသွားဖူးတယ်”လို့ သူက ဆက်ပြောပြတယ်။

လမ်းဘေးခွေးတွေက နေ့ခင်းဘက်အချိန်မှာ နည်းလမ်းမျိုးစုံနဲ့ အလစ်သုတ်မှုတွေ ရှိပေမဲ့ ဒါ့ထက်ပိုမို အတင့်ရဲ ဒုက္ခပေးခြင်းတော့မရှိ။ အမှောင်ကဲလာတဲ့ ညဘက်ရောက်ပြီဆိုရင်တော့ လမ်း ဘေးခွေးတွေက သူ့အပိုင်စားနေရာနဲ့သူ ကိုယ့်နေရာကိုယ်သာဘုရင်ဆိုသလိုမျိုး လူတွေကို လူမထင် တော့ဘူးလို့ ဆိုကြတယ်။

ည၇နာရီ၊၈နာရီ လျှပ်စစ်မီး ပြတ်တောက်နေပြီဆိုရင် အမှောင်ထဲ ဘုရင်လုပ်နေတာက လမ်း ဘေးခွေးတွေ။ ဖြတ်သွားဖြတ်လာ လူတွေကို အကြောင်းမဲ့ ထိုးဟောင်။ လူသူကင်းတဲ့ ည၁၀နာရီ နောက်ပိုင်းအချိန်တွေ ဆိုရင်တော့ လမ်းဘေးခွေးတွေက လူလာရင် ဟောင်ရုံတင်မက အုပ်စုလိုက် ဝိုင်းဆွဲတဲ့အထိ ရန်လို။ကရုဏာရှင်တချို့က ကိုယ့်အိမ်နားဝန်းကျင်မှာရှိတဲ့ လမ်းဘေးခွေးတွေကို နေ့ စဉ် အစာကျွေးမေတ္တာထားကာ စောင့် ရှောက်ထားကြပေမဲ့ သူတို့ကျွေးထားတဲ့ ခွေးတွေက ကိုက်တဲ့ အခါ သူတို့မွေးထားတာမဟုတ်ဘူးလို့ဆိုကာ ဘာ တာဝန်မှမယူ။သူတို့ရဲ့ လက်သုံးစကားက ကျွေး ထားတိုင်း မွေးထားတာမဟုတ်ဘူးတဲ့။အကိုက်ခံရလည်း ကိုယ့်ကိစ္စ ကိုယ့်ဘာသာရှင်း ဘာမှမတတ် နိုင်။

“ကျနော်တို့တိုက်နားမှာ ခွေးထမင်းပုံမှန်ကျွေးတဲ့တစ်ယောက်က သူလာရင် ခွေးတွေက အ မြီးနှံ့ ကြိုတာကို သိပ်ဂုဏ်ယူတယ်။မေတ္တာထားရင် မေတ္တာရတာပဲလို့လည်း ပြောသေးတယ်။တစ် ည၊ အိမ်ပြန်လာတာ တခြားလမ်းပေါ်က သူမကျွေးထားတဲ့ ခွေးတွေ ကိုက်လွှတ်တာ ခံလိုက်ရတယ်” လို့ တောင်ဥက္ကလာပ၊ ၁၄ရပ်ကွက်နေ အမျိုးသားတစ်ဦးက ပြောပြတယ်။

ညတွေမှာ လမ်းဘေးခွေးတွေက ဗိုလ်လုပ်နေတယ်ဆိုပေမဲ့ သူတို့ချည်း ဗိုလ်လုပ်ခွင့်ရနေ တာ တော့မဟုတ်။ အလစ်အငိုက်မှာ ရောက်လာတတ်တဲ့ စစ်ခွး၊ရဲခွေး၊ပျူခွေးနဲ့ အုပ်ကြီး၊အုပ်လေးတို့က လည်း ဗိုလ်တွေပဲ။ မြန်မာပြည်သူတွေက ခွေးလို့ သတ်မှတ်ထားကြတဲ့ လူသားစင်စစ် အဲဒီခွေးတွေက လည်း မှောင်လာပြီဆို သူ့ လမ်းကြောင်းနဲ့သူ။ မြို့ပတ်၊ရပ်ကွက်ပတ်၊လူပြတ်တဲ့နေရာတွေ ပတ်ကာ စစ်မှုထမ်းအတွက်လို့ဆိုကာ ပေါ်တာဆွဲ ငွေညှစ်ကြကုန်တယ်။

ရန်ကုန်မှာ အမျိုးသားလူငယ်အများစုဆိုတာ ဘယ်သွားသွား ဘယ်လာလာ ကျီးလန့်စာစား သတိကြီးကြီးထားရတယ်။လူသွားလူလာများတဲ့နေရာတွေမှာတောင် ရိုက်နှက်ပြီး ကားပေါ်ဆွဲတင် သွားတဲ့ ဖြစ်စဉ်တွေက ပုံပြင်မဟုတ်တာကြောင့် စိတ်လွတ်ကိုယ်လွတ်ရယ်မရှိ၊ ရောက်တတ်ရာရာ ငေးငေးငေါင်ငေါင်တွေ လုပ်နေလို့မရ။

“ပါသွားရင် ချက်ချင်းဖြေရှင်းရင်တော့ သိန်းလေး၊ငါးဆယ်။ နောက်တစ်ရက်ကူးသွားရင် သိန်း၁၀၀ ကျော်။ငွေမပေးနိုင်ရင် စစ်မှုထမ်းထဲဝင်တော့။ စစ်မှုထမ်းသင်တန်းဆိုတာ သေမင်းက ပို့လိုက်တဲ့ ဖိတ်စာပဲ” လို့ ကမာရွတ်မြို့နယ်နေ အသက်၃၀ကျော်အရွယ်ရှိ အမျိုးသားတစ်ဦးက ဆိုတယ်။

ညဘက်ဆိုပေမဲ့ ညဦးပိုင်းလည်းဖြစ်၊ကိုယ့်အိမ်နဲ့လည်း အနီးလေးမို့ ဘာမှမဖြစ်လောက်ပါဘူး ဆိုပြီး ရပ်ကွက်လမ်းဘေး အသောက်အစားမပါဘဲ စကားဝိုင်းဖွဲ့နေကြစဉ် ရုတ်တရက်ရောက်လာတဲ့ ခွေးတွေကြောင့် စစ်မှုထမ်းထဲရောက် သေသလားရှင်သလားမသိ၊ ဖြတ်ပိုင်းပြန်မလာ။

ဧပြီ၂၇ရက်၊ည၉နာရီခွဲလောက်က လှိုင်မြို့နယ်၊၁၃ရပ်ကွက်ထဲ လက်ဖက်ရည်ဆိုင်ထိုင်နေသူ ၂ဦးနဲ့ ဆိုင်ဝန်ထမ်းတစ်ဦးကို စစ်အုပ်စုက ဖမ်းဆီးသွားသတဲ့။ဧပြီ၂၀ရက်၊ည၁၀နာရီလောက်မှာ လှိုင် မြို့နယ်၊၁၁ ရပ်ကွက်ထဲက စစ်မှုထမ်းအကျုံးဝင်လူငယ်၆ဦးကို စစ်အုပ်စုက အိမ်ပေါ်တက် ဖမ်းဆီး သွားသတဲ့။ပြီးတော့ ဧပြီ ၇ရက်၊ည၁၀နာရီကျော်အချိန် တောင်ဥက္ကလာ၊၅ရပ်ကွက်ထဲ လမ်းထိပ်ကွမ်း ထွက်ဝယ်တဲ့ လူငယ်ကို အုပ်ကြီးနဲ့ အဖွဲ့က ဖမ်းဆီးကာ စစ်မှုထမ်းထဲ ရောင်းစားလိုက်သတဲ့။ ရန်ကုန် ကို စောင့်ကြည့်နေတဲ့ နွေဦးတော်လှန်ရေးစာ မျက်နှာ Rangoon Scout Network ရဲ့ ထုတ်ပြန်ချက် တွေက အဲဒီလိုတွေ နေ့စဉ်မပြတ်။များသောအားဖြင့် အဖမ်းအဆီးအများစုက ညအချိန်တွေမှာ။

“လမ်းဘေးခွေးတွေရဲ့ အကျိုးပြုမှုတစ်ခုကတော့ စခတွေ၊အုပ်ကြီးတွေ ညဘက်လာရင် ခွေး တွေက အုံနဲ့ကျင်းနဲ့ ထိုးဟောင်ကြလို့ ဒီကောင်တွေလာပြီဆိုတာ ကြိုသိရတယ်”လို့ ကမာရွတ်မြို့ နယ်နေ အမျိုးသားက ပြောတယ်။

အဆင်မပြေမှုများစွာနဲ့ ရင်ဆိုင်နေကြရတဲ့ ပြည်သူတွေ ညဘက်ကျတော့လည်း အိပ်ကောင်း ခြင်း မအိပ်ရ။ခွေးဟောင်တွေ သိပ်များလာရင် ဧည့်စာရင်းလာတာလား။စစ်မှုထမ်းအတွက် လာဖမ်း တာများလား။ အထူးသဖြင့် စစ်မှုထမ်းအကျုံးဝင်လူငယ်တွေရှိတဲ့ မိသားစုဝင်တွေအတွက် နေ့ရောည ပါ တထိတ်ထိတ်နဲ့ စစ်ဖိနပ်တွေ ဘယ်ည ကိုယ့်တံခါးလာခေါက်မလဲလို့ ချာချာလည်နေအောင် တွေး ပူကြရ။

အဲဒီလို သောကမျိုးစုံ ဝီခေါ်နေတဲ့ ရန်ကုန်မှာ စစ်အုပ်စုအသိုင်းအဝိုင်းနဲ့ မလိုင်သားတက်နေ တဲ့ လူငယ်တွေအတွက်ကတော့ ညတွေမှာ ကလပ်သွား ဘားတက် အရသာခံစရာ အမျိုးအစားစုံလင် စွာနဲ့ ဘာဆိုဘာမှ စိုးရိမ်ထိတ်လန့်စရာမရှိ ဒီတက်လို့။ သူတို့ကိုတော့ ရန်ကုန်မြို့က ခွေးလေးခွေး လွင့်တွေလို့ သမုတ်ကြတယ်။

ရန်ကုန်ညတွေမှာ ခွေးပေါင်းစုံလင်စွာ သိပ်သောင်းကျန်းလွန်းတယ်။ရန်ကုန်မှာ ခွေးဟောင် သံတွေက နေ့ရောညပါ ရက်ရက်စက်စက်။ ရန်ကုန်ဟာ မနက်ခင်း မျက်စိနှစ်လုံးပွင့်တာနဲ့ မပျော်ဘူး ဆိုတာကို စတင်ခံစားရတယ်။ ရန်ကုန်ဟာ ညဘက် အိပ်ရာဝင်တော့လည်း ငရဲမှာ လူးလိမ့်နေရသ လိုမျိုး။ ရန်ကုန်ဟာ ၂၄နာရီ မပျော်ဘူးဆိုတာတွေသာ ဝီလို့။

ရန်ကုန်မှာ ရန်မကုန်သေးသရွေ့ မပျော်ဘူးဆိုတာ ဘယ်ဆန်းတော့မလဲ။

စာတည်း-ကိုဆန်