ရွှေပြည်သာ လူပြန်ပေးဆွဲခံရမှု ရဲစခန်းသို့ တိုင်ကြားသော်လည်း အရေးယူဆောင်ရွက်မှု မရှိ

ဓာတ်ပုံ-Thaw Thazin
လူပြန်ပေးဆွဲခံရကြောင်း ရုပ်သံထုတ်လွှင့်နေပုံ။

ရန်ကုန်မြို့၊ရွှေပြည်သာမြို့နယ်အတွင်း လူပြန်ပေးဆွဲခံရမှုကို ရဲစခန်းသို့ အမှုဖွင့်တိုင်ကြားခဲ့ရာ အရေးယူဆောင်ရွက်မှု တစ်စုံတစ်ရာ မရှိကြောင်း သိရသည်။

ရွှေပြည်သာမြို့နယ်၊ဗိုလ်ချုပ်လမ်းမပေါ် ခေါင်သုံးလုံးမှတ်တိုင်နှင့် ကားလေးဂိတ်မှတ်တိုင်ကြားရှိ သော်သော်ပိတ်လိပ်ရောင်းဝယ်ရေးဂိုထောင်ရှေ့တွင် အိပ်နေသော ဝန်ထမ်းတစ်ဦးဖြစ်သူ ကိုခန့် ကိုကိုကျော်ကို မေလ၂၅ရက်၊နံနက် သန်းခေါင်ယံ ၁၂နာရီမိနစ် ၄၀ကျော်၌ အိမ်စီးကားဖြင့် ရောက် လာသော အမည်မသိလူ၂ဦးက ပြန်ပေးဆွဲသွားကြောင်း သော်သော်ပိတ်လိပ်ရောင်းဝယ်ရေး လုပ်ငန်း ၏ ပိုင်ရှင်အမျိုးသမီးက ၎င်း၏ဖေ့စ်ဘွတ်စာမျက်နှာပေါ် ရုပ်သံထုတ်လွှင့်ကာ ပြောကြားထားသည်။

“ကျမတို့ အခုတိုင်ထားတဲ့ လှော်ကားရဲစခန်းလား ဘာလားမသိဘူး။ အဲဒီ ဘယ်ရဲစခန်းလဲတော့ မသိဘူး။ အဲဒီရဲစခန်းကလည်း ကျမတို့ကို အဲဒီဖြစ်စဉ်ရဲ့ ကိစ္စမှာ ပတ်သက်ပြီးတော့ သွားပြီး အမှုဖွင့်ပြီးသွားပါပြီ။ ၂၄ နာရီမဟုတ်ဘူး၊ ၄၈ နာရီလောက်ပြည့်လို့ အမှုသွားဖွင့်ထားပြီးသွားပြီ။ ဒါပေမဲ့ အမှုအတွက် အမှတ်တွေဘာတွေလည်း ဘာမှမပေးသေးဘူးနော်။ action မရှိဘူး။ ကျမတို့ကို လာစစ်ဆေးမေးမြန်းတာတွေလည်း မရှိသေးဘူး”ဟု ၎င်းက ပြောသည်။

ပြန်ပေးဆွဲသူ၂ဦးမှာ ဂိုထောင်ရှေ့တွင် ခေါက်တုံ့ခေါက်ပြန်ကားမောင်းကြည့်ကာ လူအိပ်နေမှန်း သိသည့်အခါ ဂိုထောင်ထဲ ကားမီးထိုး ဝင်လာ၍ ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း CCTV မှတ် တမ်း အပေါ် အခြေခံကာ ၎င်းက ပြောသည်။

ကိုခန့်ကိုကိုကျော်မှာ အရက်သောက်ထားသဖြင့် မူးပြီး အိပ်ပျော်နေကာ ညစောင့်သည်လည်း အိပ် ပျော်နေကြောင်း ဂိုထောင်ရှေ့ရှိ ကမ္ဘောဇဘဏ် လုံခြုံရေးဝန်ထမ်းများလည်း ဖမ်းသွားသည်ကို မသိ လိုက်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

“စစ်တပ်ဘက်က ဖမ်းတာမျိုးတွေလည်း မဟုတ်ဘူး။ အဲဒီလိုလုပ်တာလည်း မဟုတ်ဘူးဆိုတော့ ဟုတ်တယ်၊ စစ်တပ်ဘက်က ဖမ်းတာမျိုး မဟုတ်ပါဘူး။ လူကို လူကလာဆွဲတယ်။ ပြီးရင် အဲဒီလူ တွေကို လူ ပြန်ရောင်းစားတယ်။ နယ်တွေရောင်းစားတယ်။ ပြီးသွားပြီဆို စစ်တပ်ထဲကနေပြီးတော့ စစ်မှုထမ်းရမယ့်လူတွေနဲ့ လဲလှယ်ပြီးတော့ ပြန်ရောင်းစားတာမျိုးတွေပါ။ လူကို လူကနေပြီးတော့ လူကုန်သည်တွေ လုပ်ပြီးတော့ လူပွဲစားတွေလုပ်နေတာပါ။ အဲဒီဥစ္စာကြီးက ပြဿနာအကြီး အ ကျယ်ကြီး ရန်ကုန်မြို့မှာ အသည်းအသန်ကို ဖြစ်နေတာ”ဟု ၎င်းက မှတ်ချက်ပြုသည်။

ဗိုလ်ချုပ်လမ်းသည် ရွှေပြည်သာမြို့နယ်အတွင်း လူအစည်ကားဆုံးသော အဓိကလမ်းမကြီးဖြစ်သည်။


စာတည်း-ML