လှိုင်၊ ရွာမကျောင်းလမ်းတွင် ညဘက်ထိုင်နေသော လူငယ်များကို ဝင်ဖမ်း၊ ၂ ယောက်ပါသွားဟုဆို

ဓာတ်ပုံ-RSN
ပုံစာ- လျှပ်စစ်မီးပြတ်နေသော ရန်ကုန်။(ပုံဟောင်း)

ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ ရွာမကျောင်းလမ်းတွင် ညဘက် ထိုင်နေသော လူငယ်များကို လူတစ်စုက ဝင်ရောက်ဖမ်းဆီးရာ ၂ဦး ပါသွားကြောင်း Rangoon Scout Network-RSN က ယနေ့(မေ၂၉ရက်) ည သတင်းထုတ်ပြန်သည်။

မေလ၂၈ရက်၊ည၈နာရီခွဲခန့်တွင် လှိုင်မြို့နယ်၊တစ်ရပ်ကွက်၊ ရွာမကျောင်းလမ်းနှင့် အောင်မေတ္တာ ၄လမ်းထိပ်တွင် ယောကျာ်းလေး၆ဦး ထိုင်နေစဉ် လူတစ်စုရောက်ရှိလာပြီး ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ အရက်ထိုင်သောက်နေလို့ဆိုပြီး ဝင်ဆွဲတာလို့ သိရပါတယ်။ ကျန်တဲ့သူတွေက ထွက်ပြေးပြီး လွတ် သွားတာလို့တော့ ယူဆပါတယ်”ဟု RSN တာဝန်ရှိသူတစ်ဦးက MPAသို့ပြောသည်။

လာရောက်ဖမ်းဆီးသူ လူတစ်စုမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဟု သိရကြောင်း လှိုင်မြို့နယ်၊ ၂ရပ်ကွက်၊ရွာမကျောင်းလမ်းအနီးနေ အသက်၅၀ကျော်အရွယ်ရှိ ပြည်သူတစ်ဦးက ပြောသည်။

“ည၈နာရီခွဲဆိုတာက ရွာမကျောင်းလမ်းမှာ လူပြတ်နေပြီ။မီးမလာရင် လူပိုပြတ်တယ်။ ဝင်ဆွဲတဲ့အ ချိန် မီးပြတ်နေလားတော့ မသိဘူး။ဒီခေတ်လူငယ်တွေ ကျနော်တို့ဘက်မှာ လမ်းဘေးထိုင်ပြီး အရက် သောက်တယ်ဆိုတာ မရှိသလောက်ပဲ။ဘယ်အုပ်ကြီးက ဝင်ဆွဲတာလဲတော့ မသိဘူး။စစ်မှုထမ်းအ တွက် ပေါ်တာဆွဲတာ”ဟု ၎င်းက ပြော သည်။

လှိုင်မြို့နယ်အတွင်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးအချို့သည် ညအချိန်၌ ရပ်ကွက်ကျော်ကာ ပေါ်တာ လိုက်ဆွဲခြင်းများရှိကြောင်း ၎င်းက ဆိုသည်။

ဖမ်းဆီးခံရသည့် လူငယ်၂ဦး၏ နောက်ဆက်တွဲအခြေအနေကိုမူ မသိရသေးပေ။