AA ထိန်းသိမ်းထားသည့် သင်္ဘောလှကျေးရွာဒေသခံ ၁၅၀ ပြန်လည် လွတ်မြောက်ခြင်းမရှိသေး

ဓာတ်ပုံ-လူမှုကွန်ရက်
ပုံစာ- ဦးခိုင်သုခနှင့် AA တပ်ဖွဲ့ဝင်အချို့အားတွေ့ရစဉ်

ရခိုင်ပြည်နယ် အနောက်ဘက်နယ်စပ် မောင်တောမြို့နယ်၊ တောင်ပြိုလက်ဝဲမြို့နယ်ခွဲ သင်္ဘောလှကျေးရွာမှ ရွာသားများကို အာရက္ခတပ်တော် (AA) က စစ်မှုထမ်းခေါ်ယူရာမှာ ဒေသခံများနှင့် AA တို့အကြား တင်းမာမှုဖြစ်ပွားခဲ့ပြီး ရွာသား ၁၅၀ နီးပါး ထိန်းသိမ်းခံထားရကြောင်း သိရသည်။

လက်ရှိအချိန်ထိ AA ထိန်းသိမ်းထားသည့် ဒေသခံများမှာ ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးကြောင်း မြေပြင်သတင်းရင်းမြစ်များက MPA သို့ပြောသည်။

“ပြန်မလွတ်ကြသေးဘူး။ ပါသွားတဲ့လူအားလုံး စုစုပေါင်း အတိအကျ ၁၅၀။ ဘယ်သူမှပြောပိုင်ခွင့်မရှိ။ ပြောတာကိုနားထောင်။ ပြောတဲ့အတိုင်းလုပ်လို့ ပြောထားတယ် ” ဟု ဒေသခံတစ်ဦးက ပြောသည်။

ယခုကဲ့သို့ AA က ဒေသခံများကို စစ်မှုထမ်းရန် လာရောက်ခေါ်ဆောင်စဉ် ရွားသားများနှင့် တင်းမာမှုများဖြစ်ပွားခဲ့ပြီး AA တပ်သားအချို့က ကိုယ်ထိလက်ရောက်ရိုက်နှက်မှုနှင့် သေနတ်ပစ်ဖောက်မှုများ ပြုလုပ်ခဲ့ကြောင်း ဒိုင်းနက် (Chakma) အရပ်ဘက်အဖွဲ့အစည်း ၁၂ ဖွဲ့က မေလ ၂၇ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ယင်းဖြစ်စဉ်အတွင်း AA တပ်ဖွဲ့ဝင်များ ရိုက်နှက်နှိပ်စက်မှုအထိ ပြုလုပ်ခဲ့မှုကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများ အပါအဝင် ကျေးရွာသားအချို့ ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ကြောင်း ဒိုင်းနက်အရပ်ဘက်အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ယင်းဖြစ်စဉ်အပြီး မေလ ၂၄ ရက်နေ့မှာ သင်္ဘောလှကျေးရွာမှ အမျိုးသား၊ အမျိုးသမီး ၁၀၀ ကျော်ခန့်ကို AA တပ်ဖွဲ့ဝင်များက အတင်းအဓမ္မ ဖမ်းဆီးထိန်းသိမ်း ခေါ်ဆောင်သွားကြောင်း ထုတ်ပြန်ချက်တွင် ဆိုထားသည်။

အာရက္ခတပ်တော် (AA) အနေဖြင့် စစ်မှုထမ်းခေါ်ယူရာ၌ လူနည်းစု သက္ကမများအပေါ် ယခုကဲ့သို့ ပြုမူဆက်ဆံခဲ့မှုအပေါ် များစွာ စိတ်မကောင်းဖြစ်ရကြောင်း ဒေသခံ သက္ကမအမျိုးသားတစ်ဦးက ပြောသည်။

“ခက်ခဲရှုပ်ထွေးနေတဲ့ ဒေသအတွင်းက ပြည်သူတွေ၊ မျိုးနွယ်စုအနည်းငယ်အပေါ်မှာ အကြမ်းဖက်မှုမျိုးနဲ့ စစ်သားစုဆောင်းရေးကို မလုပ်သင့်ဘူး” ဟု ၎င်းက ဆိုသည်။

ဖမ်းဆီးခံရသူများမှာ သက်ကြီးရွယ်အို ၊ အိမ်ထောင်ဦးစီးနှင့် မိသားစုများကို အဓိက ရှာဖွေကျွေးမွေးနေသည့် အမျိုးသား၊ အမျိုးသမီးများဖြစ်ကြောင်း ဒိုင်းနက်အရပ်ဘက်အဖွဲ့အစည်းများ၏ ပူးတွဲထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ဖြစ်နိုင်ရင် ဒေသအုပ်ချုပ်ရေးတာဝန်တွေကို စနစ်တကျပူးပေါင်းဆောင်ရွက်ပြီးမှသာ ညှိနှိုင်းကိုင်တွယ်စေချင်တယ်။ ဒေသခံပြည်သူ မျိုးနွယ်စုတွေမှာ ရခိုင်နဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်မှာဖြစ်နေတော့ တောတောင်ကိုမှီခိုပြီး စားဝတ်နေရေးကို ဖြေရှင်းနေကြရတာအမှန်ပဲ။ အဲဒါကြောင့် တာဝန်ရှိအုပ်ချုပ်တဲ့အစိုးရနဲ့ မျိုးနွယ်စုအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်ကြပါလို့ ပြောချင်တယ်” ဟု အထက်ပါ အမျိုးသားက ပြောသည်။

ဖမ်းဆီးထိန်းသိမ်းခံရသူ အများအပြားမှာ မိသားစုကို ရှာဖွေကျွေးမွေးသူများဖြစ်သည့်အတွက် ကလေးငယ်၊ အမျိုးသမီးနှင့် သက်ကြီးရွယ်အိုများအတွက် လုံလောက်သည့် စောင့်ရှောက်မှုမရှိတော့ဘဲ လူမှုရေး၊ စီးပွားရေး၊ စိတ်ပိုင်းဆိုင်ရာ ကြီးမားသည့် အခက်အခဲများ ကြုံတွေ့နေရကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ရခိုင်ပြည်ရှိ လူနည်းစုများအပေါ် အမျိုးသားကာကွယ်ရေးဆိုင်ရာ အရေးပေါ်ပြဌာန်းချက်ကို ကျော်လွန်ပြီး အတင်းအဓမ္မ စစ်မှုထမ်းခိုင်းခြင်း၊ လုပ်အားပေးခိုင်းစေခြင်းနှင့် အကြမ်းဖက်ခြိမ်းခြောက် အနိုင်ကျင့်ခြင်းများကို ပြန်လည်စိစစ် ဆောင်ရွက်ပေးရန် သက္ကမအရပ်ဘက်အဖွဲ့အစည်းများက တောင်းဆိုထားကြသည်။

ဒိုင်းနက်အရပ်ဘက်အဖွဲ့အစည်းများ၏ သေဘာထားထုတ်ပြန်ချက်နှင့် သင်္ဘောလှကျေးရွာ ဖြစ်စဉ်နှင့် ပတ်သက်ပြီး မှန်ကန်မှုမရှိကြောင်း ULA/AA ပြောခွင့်ရသူ ဦးခိုင်သုခက သတင်းဌာနအချို့ကို ဖြေကြားထားသည်။

ယင်းသို့ ဖြေကြားရာမှာ သင်္ဘောလှကျေးရွာကို အမျိုးသားကာကွယ်ရေးဆိုင်ရာ အရေးပေါ်ပြဌာန်းချက် (NDEP)နှင့် ပတ်သက်ပြီး သက်ဆိုင်ရာ ULA အစိုးရတာဝန်ရှိသူများမှ ရှင်းပြရန်သွားသည့်အချိန် ရွာသားအချို့က တုတ်၊ ဓားများကိုင်ပြီး လူအုပ်ဖြင့် ဆူမှုရန် ကြိုးစားခဲ့ခြင်းဖြစ်သည်ဟု ဦးခိုင်သုခက ပြောကြားထားသည်။