တပ်ချုပ်သစ် ရဲဝင်းဦးနှင့် ဒုတပ်ချုပ် ကျော်စွာလင်းတို့၏ သားများ စစ်မှုထမ်းနေဟု စစ်တပ်လော်ဘီများက တယ်လီဂရမ်ချန်နယ်များ၌ ဝါဒဖြန့်ရေးသားမှုများပြုလုပ်နေသော်လည်း သက်သေအဖြစ် ဓာတ်ပုံမှတ်တမ်းများကိုမူ ဖော်ပြခဲ့မှုမရှိကြောင်း သိရသည်။
အဆိုပါ ရေးသားချက်များထဲတွင် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖြစ်သူ ဗိုလ်ချုပ်ကြီး ကျော်စွာလင်း၏ သားဖြစ်သူသည် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် ၂၃ ကို တက်ရောက်ခဲ့ပြီး မေလ ၂၉ ရက်နေ့တွင် သင်တန်းဆင်းခဲ့ကြောင်း ဖော်ပြထားသည်။
၎င်းအပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၏ သားဖြစ်သူကလည်း ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် ၁၃ ကို တက်ရောက်ခဲ့ပြီး ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့ကတည်းက သင်တန်းဆင်းကာ တာဝန်ထမ်းဆောင်နေပြီဖြစ်ကြောင်း ရေးသားထားသည်။
ဤကဲ့သို့ တပ်မတော်အကြီးအကဲများ၏ သားသမီးများသည် ပြည်သူများနှင့်အတူ နိုင်ငံတော်တာဝန်ကို ကျရာအခန်းကဏ္ဍမှ ထမ်းဆောင်နေပါသည်ဟုဆိုကာ အွန်လိုင်းစစ်လော်ဘီများက ပြည်သူများသိရှိစေရန်အတွက် အပြိုင်အဆိုင် မျှဝေနေကြခြင်း ဖြစ်သည်။
သို့သော်လည်း စိတ်ဝင်စားဖွယ်ကောင်းသည့် အချက်မှာ ယခုကဲ့သို့ အရေးပါပြီး ဝါဒဖြန့်ရန် အကောင်းဆုံးဖြစ်မည့် သတင်းမျိုးကို စစ်လော်ဘီများအနေဖြင့် မည်သည့်ဓာတ်ပုံ သို့မဟုတ် ဗီဒီယိုအထောက်အထားမျှ မပါရှိဘဲ စာသားသက်သက်ဖြင့်သာ ဖော်ပြနေသည့်အတွက် ယုတ္တိမတန်ကြောင်း နိုင်ငံရေးလေ့လာသူတစ်ဦးက ထောက်ပြသည်။
“တကယ်လို့သာ နိုင်ငံ့အာဏာကို ကိုင်စွဲထားတဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့ သားသမီးတွေက သာမန်အရပ်သားတွေနဲ့တန်းတူ စစ်မှုထမ်းသင်တန်း တကယ်တက်ခဲ့တာဆိုရင် စစ်ကော်မရှင်ရဲ့ ဝါဒဖြန့်ချိရေးယန္တရားဟာ နိုင်ငံပိုင်ရုပ်သံလိုင်းတွေကနေပါ အကြီးအကျယ် ထုတ်လွှင့်ပြသမှာ သေချာတယ်” ဟု ၎င်းက ပြောသည်။
အဘယ်ကြောင့်ဆိုသော် သင်တန်းတက်နေသည့် မှတ်တမ်းဓာတ်ပုံများ၊ သင်တန်းဆင်းပွဲအခမ်းအနား ဗီဒီယိုများကို အမိအရ ရိုက်ကူးပြီး ပြည်သူများ စစ်မှုထမ်းချင်စိတ် ပေါက်လာစေရန် စံပြအနေဖြင့် ရှေ့တန်းတင်ကာ ဝါဒဖြန့်ဖို့ အကောင်းဆုံး အခွင့်အရေး ဖြစ်နေသောကြောင့် ဖြစ်ဟု ၎င်းက ဆက်လက်ပြောသည်။
“အခုလို ဘာအထောက်အထား ဓာတ်ပုံမှ မပြနိုင်ဘဲ စာသားသက်သက်နဲ့သာ ကောလာဟလလိုမျိုး လှည့်ပတ်တင်နေတာဟာ ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် လူထုကြားထဲမှာ ဖြစ်ပေါ်နေတဲ့ မကျေနပ်မှုနဲ့ ဒေါသတွေကို လမ်းလွှဲဖို့ ကြိုးပမ်းချက် တစ်ခုပဲဖြစ်တယ်” ဟု တက်ကြွလှုပ်ရှားသူတစ်ဦးက ထောက်ပြသည်။
၎င်းက ဆက်လက်၍ သာမန်ပြည်သူများ၏ သားသမီးများသည် အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်ခံရခြင်း၊ စစ်မှုထမ်းရမည်ကို စိုးရိမ်သဖြင့် တိမ်းရှောင်နေရခြင်းများ ရှိနေချိန်တွင် “ငါတို့ ဗိုလ်ချုပ်တွေရဲ့ သားသမီးတွေလည်း ခံနေရတာပဲ” ဟု ပုံဖော်ကာ ဥပဒေကို တရားဝင်သယောင် လုပ်ကြံနေခြင်း ဖြစ်ကြောင်း ၎င်းက ထောက်ပြသည်။
စစ်ရေးလေ့လာသုံးသပ်သူတစ်ဦးကမူ မြေပြင်စစ်မျက်နှာများတွင် သာမန်အရပ်သားများကိုသာ ရှေ့တန်းစစ်မြေပြင်ထဲ တွန်းပို့နေချိန် စစ်ခေါင်းဆောင်ပိုင်းများ၏ သားသမီးများသည် လုံခြုံသည့်နေရာများ၌ ကောင်းစားနေကြသည့် အဖြစ်မှန်ကို ဖုံးကွယ်ရန် အောက်ခြေလော်ဘီများက စာသားအမှားများဖြင့် ဝါဒဖြန့် စည်းရုံးနေခြင်းသာ ဖြစ်ကြောင်း သုံးသပ်သည်။
၎င်းက တကယ့်လက်တွေ့ မြေပြင်စစ်ပွဲများ၌ သေကြေဒဏ်ရာရနေသည်မှာ အတင်းအဓမ္မ ဖမ်းဆီးစုဆောင်းခံရသည့် သာမန်ပြည်သူများ၏ သားသမီးများသာ ဖြစ်ပြီး၊ အကြီးအကဲများ၏ သားသမီးများ စစ်မှုထမ်းသည်ဆိုခြင်းမှာ စစ်ကော်မရှင်က လူထု၏ စစ်မုန်းတီးမှုကို လျှော့ချရန် သတင်းတု၊ သတင်းမှားများ ထုတ်ပြန်ကာ လုပ်ကြံဖန်တီးနေခြင်းသာ ဖြစ်ကြောင်း ဆိုသည်။
လက်ရှိ လူမှုကွန်ရက်စာမျက်နှာများတွင် ပျံ့နှံ့နေသည့် တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်များ၏ သားသမီးများ စစ်မှုထမ်းသင်တန်း တက်ရောက်အောင်မြင်ခဲ့သည်ဆိုသည့် ကိစ္စသည် မည်သည့်ခိုင်လုံသည့် သက်သေအထောက်အထားမှ ပြသနိုင်ခြင်းမရှိဘဲ၊ လူထု၏ ဒေါသကို လမ်းလွှဲရန်နှင့် စစ်မှုထမ်းဥပဒေကို ပုံရိပ်ကောင်းအောင် လုပ်ကြံဖန်တီးထားသည့် ဝါဒဖြန့် သတင်းတုတစ်ခုသာ ဖြစ်ကြောင်း လေ့လာသူများက သုံးသပ်ထားကြသည်။
