လာအိုနိုင်ငံ ဆိုင်စွန်ဘွန် (Xaisomboun) ပြည်နယ် လိုဏ်ဂူတစ်ခုအတွင်းမှ ပထမဆုံး လွတ်မြောက်လာသူကို မေလ ၂၉ ရက်နေ့ ည ၁၁ နာရီခန့်တွင် ကယ်ဆယ်ရေးသမားများက အောင်မြင်စွာ ကုန်းပေါ်သို့ ခေါ်ထုတ်နိုင်ခဲ့ကြောင်း ထိုင်းကယ်ဆယ်ရေးရေငုပ်သမားအဖွဲ့ (Thailand Rescue Diver) ၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။
လိုဏ်ဂူအတွင်း ပိတ်မိနေသည့် ရွာသား ၇ ဦးအနက် ၅ ဦးကို အသက်ရှင်လျက် ပြန်လည်တွေ့ရှိခဲ့ပြီး ကျန် ၂ ဦးမှာမူ ပျောက်ဆုံးနေဆဲ ဖြစ်သည်။
အဆိုပါ ရွာသားတစ်စုသည် ပြီးခဲ့သည့် မေလ ၁၉ ရက်နေ့က ရွှေရှာဖွေရန်အတွက် လိုဏ်ဂူအတွင်းသို့ ဝင်ရောက်သွားခဲ့ကြခြင်းဖြစ်ပြီး၊ ထို့နောက်တွင် ရုတ်တရက်ရေကြီးမှုကြောင့် ဂူပေါက်ဝ ပိတ်ဆို့သွားကာ မြေအောက်၌ တစ်ပတ်ကျော်ကြာ ပိတ်မိနေခဲ့ခြင်း ဖြစ်သည်။
ယခု ကယ်ဆယ်ရေးလုပ်ငန်းစဉ်တွင် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်က ထိုင်းနိုင်ငံ၏ ကမ္ဘာကျော် လိုဏ်ဂူကယ်ဆယ်ရေးစစ်ဆင်ရေးတွင် ပါဝင်ခဲ့ဖူးသည့် ကျွမ်းကျင်ရေငုပ်သမားများလည်း ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြသည်။
