မွန်ပြည်နယ်၊သထုံမြို့နယ်၊လေ့ကျင့်ရေး၉မှ စစ်မှုထမ်းသင်တန်းဆင်းများကို ရှေ့တန်းသို့ ချက်ချင်း တန်းပို့လိုက်ကြောင်း သိရသည်။
သထုံမြို့နယ်၊ဇရစ်ချောင်ကျေးရွာရှိ အမှတ်၉ စစ်အခြေခံလေ့ကျင့်ရေးတပ်(လေ့ကျင့်ရေး၉)တွင် မေ လ၂၉ရက်က စစ်မှုထမ်းအပတ်စဉ် ၂၃ သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့ပြီး ယနေ့(မေ၃၀ရက်)နံနက် ၈နာရီ ကျော်၌ ကော့ကရိတ်နှင့်ရေးမြို့နယ်သို့ သင်တန်းဆင်းများအား ပို့ဆောင်ခဲ့ကြောင်း သထုံမြို့စစ်ရေး သတင်းရင်းမြစ်ထံက သိရသည်။
“စုစုပေါင်း ၃၂၅ဦးသင်တန်းဆင်းတယ်။ ဒီနေ့မနက်မှာ ဘားအံဘက်ကို ကားကြီး၄စီးအပြည့်နဲ့ ပစ( စစ်မှုထမ်းတပ်သား)တွေကို ခေါ်သွားတယ်။မော်လမြိုင်ဘက်ကို ကား၃စီးနဲ့ တင်သွားတယ်။ကျနော် တို့ တပ်တွင်းကနေ သိရတဲ့သတင်းတွေက စစ်မှုထမ်းဆင်းတွေကို ကော့ကရိတ်နဲ့ရေးက ရှေ့တန်းကို ပို့တာတဲ့”ဟု ၎င်းက MPAသို့ပြောသည်။
စစ်မှုထမ်းသင်တန်းများမှာ ၂လကျော်သာ ကြာသည့်အတွက် စစ်မှုထမ်းတပ်သားများမှာ သေနတ်ပစ် တတ်ရုံအဆင့်သာ တတ်မြောက်ကြောင်းနှင့် ယင်းသို့ သေနတ်ပစ်တတ်ရုံ သင်ပေးပြီးနောက် ရှေ့ တန်းသို့ တန်းပို့ခြင်းမှာ သေတွင်းဆီသို့ ပို့ဆောင်ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
ယနေ့နံနက် ၉နာရီကျော်တွင် ဘားအံဘက်သို့ ထွက်ခွာသွားသော ကား၄စီးမှာ ဘားအံမြို့သို့ရောက်ရှိ နေပြီး ကော့ကရိတ် သို့မဟုတ် မြဝတီသို့ ပို့မည်ဟု သတင်းထွက်ပေါ်နေကြောင်း သိရသည်။
“၉နာရီကျော်အထိ ဘားအံမှာပဲ။ ဘယ်ပို့မလဲဆိုတာ ပစ တွေကို မပြောသေးဘူး။ကျနော်တို့ ဘားအံ တပ်တွင်းသတင်းရင်းမြစ်ကနေ သိရတာက ကော့ကရိတ် လို့လည်း ကြားတယ်။မြဝတီလို့လည်း ကြားတယ်။ကြားတဲ့အဆင့်ပဲရှိသေးတယ်”ဟု ၎င်းက ဆက်လက်ပြောသည်။
စစ်မှုထမ်းအပတ်စဉ်၂၃ ဖွင့်ပွဲကို မတ်လ၂၃ရက်က ပြုလုပ်ခဲ့ပြီး မေလ၂၉ရက်၌ သင်တန်းဆင်းသည့် အတွက် သင်တန်းကာလမှာ ၂လကျော်သာ ကြာသည်။
ယမန်နေ့က သထုံလေ့ကျင့်ရေး၉တွင် ပြုလုပ်သည့် အပတ်စဉ်၂၉သင်တန်းဆင်းပွဲသို့ အစိုးရတု၊ မွန် ပြည်နယ်ဝန်ကြီးချုပ်အောင်ဝင်းသန်းနှင့် အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်မှူးချုပ်ဌေး လွင်ဦးတို့ တက်ရောက်ခဲ့သည်။
