လောင်းလုံးတွင် စစ်ကြောင်းထိုးနေသောတပ် ဖမ်းထားသည့် ပြည်သူများကို စစ်ယူနီဖောင်း ဝတ်စေ၍ ရှေ့မှတက်ခိုင်း

ဓာတ်ပုံ - နွေဦးဆုံမှတ်-လောင်းလုံး

တနင်္သာရီတိုင်း ၊ လောင်းလုံးမြို့နယ်တွင် စစ်ကြောင်းထိုးနေသော တပ်က ဖမ်းဆီးထားသည့် ပြည်သူများကို စစ်ယူနီဖောင်းဝတ်ခိုင်းကာ ဒိုင်းသဖွယ် ရှေ့မှ တက်ခိုင်းကြောင်း သိရသည်။

လောင်းလုံးမြို့ အောက်ပိုင်းရှိ ကျေးရွာများသို့ စစ်ကြောင်းထိုးရန် လောင်းလုံးမြို့ပေါ်မှ ထွက်လာ သည့် အင်အား ၁၅၀ ခန့်ပါ စစ်ကြောင်းသည် မေလ ၂၉ ရက်တွင် ကဒက်ကြီးကျေးရွာနှင့် မြခါးပတ် ကျေးရွာအနောက်ဘက်ရှိ ရန်ကင်းတောင်ပေါ်၌ တပ်ချထားကာ လမ်းတစ်လျှောက်ရှိ ပြည်သူများကို ဖမ်းဆီးခဲ့ပြီး ပြည်သူအချို့အား စစ်ယူနီဖောင်းဝတ်ခိုင်းကြောင်း Democracy Movement Strike Committee – Dawei ထံက သိရသည်။

“စစ်ကြောင်းက အခုထိ ရှိနေတုန်း။ ဒေသခံတချို့ကို ဖမ်းထားဆဲ။ အနည်းဆုံးတော့ ၅၀ ဝန်းကျင် ရှိ မယ်ထင်တယ်။ သူတို့စစ်ကြောင်းထိုးလာပြီးတော့ သူတို့ဝင်တဲ့ ရွာတွေကပေါ့ဗျာ။ ပြောမယ်ဆိုလို့ ရှိရင် ရေဖြူကလည်းပါတယ်။ စစ်ပြဲလည်းရှိမယ်။ ဂေါ့အင်းလည်းရှိတယ်ဗျ။ အခုဆိုလို့ရှိရင် ကဒက် ကြီးရွာခံတွေလည်း ရှိတယ်။ သူတို့စစ်ကြောင်းထိုးဝင်ပြီးတော့ ရွာနဲ့ အနီးအနားမှာ တွေ့တဲ့လူ မှန်သ မျှ သူတို့ ဖမ်းပြီးတော့ ခေါ်သွားတာပဲ။ အဲဒီထဲမှာမှ သူတို့ ပြန်လွှတ်လိုက်တဲ့ လူငယ်အချို့ လည်းရှိ တယ်။ အမျိုး‌သမီးတွေလည်း ရှိတယ်ဗျ။ သူတို့ခေါ်သွားတဲ့ လူတွေလည်း ဒီနေ့ထိပြန်မလွှတ်တဲ့ဟာ တွေရှိတယ်”ဟု Democracy Movement Strike Committee – Dawei မှ ကော်မတီဝင်တစ်ဦးက MPA သို့ပြောသည်။

ယင်းစစ်ကြောင်းသည် မေလ ၂၇ ရက်တွင် ကဒက်ကြီး ကျေးရွာအနီးရှိ ရန်ကင်းတောင်သို့ ရောက် ရှိခဲ့ပြီး မေလ ၂၈ ရက်၌ ကဒက်ကြီးကျေးရွာက နေအိမ် ၆ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
“စစ်ကြောင်းက ခြေလျင်ပဲ။ ခြေလျင်မှ သူတို့က ရွာထဲကို ပေါ်လာပြီးလို့ရှိရင် ဒီတောစပ်ပေါ့ဗျာ။ ရွာနောက်ကြောက တောင်ခြေရှိတယ်။ ကျနော်တို့လောင်းလုံးက ကျွန်းဆွယ်ဆိုတော့ အဲဒီတောင် ခြေတစ်လျှောက် သူတို့သွားတာ။ ကျနော်တို့ နားလည်ရသလောက်ဆိုရင်တော့ ရေဖြူနောက်ကြောနဲ့ ကဒက်ကြီးနောက်ကြောတစ်လျှောက်မှာ သူတို့ တပ်တွေ ဖြန့်ကြဲပြီးတော့ နေရာယူထားတာမျိုး ဖြစ် နိုင်တယ်လို့တော့ ယူဆတာပေါ့”ဟု ၎င်းကဆက်လက်ပြောသည်။

ယင်းစစ်ကြောင်းလာရာ လမ်းတစ်လျှောက်က နေအိမ်များကို မွှေနှောက်ကာ စားသောက်ကုန်များ ယူဆောင်သွားပြီး ယင်းစစ်ကြောင်းကြောင့် စစ်ပြဲ ၊ ညင်းမော် ၊ ဂေါ့အင်း ၊ ပိန္နဲတော ၊ ဝံတွင်း ၊ ကျောက်ဖြူ ၊ မြခါးပတ် ၊ ကဒက်ကြီးနှင့် ကြက်ယက်တွင်းကျေးရွာတို့မှ ပြည်သူများ စစ်ရှောင်နေ ရကြောင်း သိရသည်။

“စစ်ပြဲ၊ ညင်းမော်၊ ဂေါ့အင်း၊ ရေဖြူတွေမှာတော့ တချို့တွေ ရွာထဲပြန်ဝင်နေကြတာ ရှိပါတယ်။ အခု စစ်ကြောင်းက ကဒက်ကြီးဘက်ဆိုတော့ ကဒက်ကြီး၊ ကြက်ယက်တွင်း ရွာခံတွေတော့ ရှောင်နေကြ တယ်။ မြခါးပတ်က သိပ်ပြီးမရှောင်ကြဘူး။ ဘာလို့လဲဆိုတော့ မြခါးပတ်ရွာကို စစ်တပ်က ဝင်မွှေတာ မျိုး သိပ်မလုပ်လို့ပါ”ဟု ၎င်းက ဆက်လက်ပြောသည်။

ယင်းစစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့များက တစ်နေ့လျှင် ၂ ကြိမ် ၊ ၃ ကြိမ်ခန့် ဒရုန်းဖြင့် ဗုံးသီး ချတိုက်ခိုက်ကြောင်းလည်း သိရသည်။

ယင်းစစ်ကြောင်းသည် မေလ ၂၂ ရက်မှစတင်၍ လောင်းလုံးမြို့ပေါ်မှ ထွက်လာခြင်းဖြစ်ပြီး မေလ ၂၃ ရက်တွင် ဂေါ့အင်းကျေးရွာ ၊ မေလ ၂၆ ရက်က အောက်ရေဖြူကျေးရွာသို့ ဝင်ရောက်ခဲ့ပြီး မေလ ၂၇ ရက်တွင် ကဒက်ကြီး ကျေးရွာသို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။