တနင်္သာရီတိုင်း ၊ ပုလောမြို့နယ်ရှိ စစ်တပ် နှစ် ၂၀ ကျော် တပ်စွဲထားသည့် ကျောက်လုံးကြီးစခန်းကို KNLA ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။
ပုလောမြို့နယ် ၊ တနင်္သာရီချောင်းမကြီးဘေးရှိ ကျောက်လုံးကြီးကျေးရွာက စစ်တပ်စခန်းကို မေလ ၁၉ ရက်၊ နံနက် ၇ နာရီခန့်၌ စတင်တိုက်ခိုက်ခဲ့ပြီး မေလ ၂၉ ရက်၊ ညနေ ၄ နာရီခန့်တွင် KNLA ဦးဆောင်သည့် တော်လှန်ရေးပူးပေါင်းတပ်က အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကြောင်း KNU မြိတ်-ထား ဝယ်ခရိုင်က ယနေ့(မေလ ၃၀ ရက်) သတင်းထုတ်ပြန်သည်။
“ကျောက်လုံးကြီးစခန်းကို သိမ်းလိုက်နိုင်တာ ဒေသတွင်းတော်လှန်ရေးတပ်တွေအတွက် ခွန်အား ဖြစ်စေမယ်လို့ထင်တယ်။ဘာလို့လဲဆိုတော့ မောတောင်ကနေ ပြည်သူထိခိုက်မှုကြီးမှုစိုးလို့ ပြန်ဆုတ် ပေးလိုက်ရတဲ့အချိန်မှာ ကျောက်လုံးကြီးစခန်းသိမ်းတိုက်ပွဲက တကယ့်ကို အင်အားပါပဲ”ဟု ဒေသခံ PDFရဲဘော်တစ်ဦးက MPAသို့ပြောသည်။
ကျောက်လုံးကြီးတပ်စခန်းတွင် ကမ်းရိုးတန်း တိုင်းစစ်ဌာနချုပ် ၊ အမှတ် ၂ ဗျူဟာက နှစ်ပေါင်း ၂၀ ကျော်တပ်စွဲထားခြင်းဖြစ်ကြောင်း ၊ ၂၀၂၄ ခုနှစ်၊ ဇွန်လအတွင်း KNLA တပ်မဟာ ၄ နှင့် တော်လှန် ရေးပူးပေါင်းတပ်များက အောင်သာဝရစခန်း ကို သိမ်းပိုက်ရရှိစဉ်အတွင်း ကျောက်လုံးကြီးစခန်းမှ စစ်သားများ စခန်းစွန့်ခွာ ထွက်ပြေးသွားခဲ့ကြောင်း နောက်ပိုင်းတွင် ခမရ ၄၃၃ တပ်ရင်းမှ အင်အား ၈၀ ကျော်ဖြင့် ဗျူဟာ ကာကင်းအဖြစ် ပြန်လည်ဝင်ရောက်တပ်စွဲခဲ့ကြောင်း သိရသည်။
ယခု ကျောက်လုံးကြီးစခန်းသိမ်းတိုက်ပွဲမှ ခဲယမ်းအမြောက်အမြား သိမ်းဆည်းရမိခဲ့ကြောင်း KNU မြိတ်-ထား ဝယ်ခရိုင်က ထုတ်ပြန်သည့် ဓာတ်ပုံမှတ်တမ်းအရ သိရသည်။
ယင်းတိုက်ခိုက်မှုကို K.N.LA တပ်မဟာ ၄၊ ဗျူဟာ အမှတ်တစ်၏ ဦးဆောင်မှုဖြင့် K.N.D.O တပ်ရင်း ၇ နှင့် မဟာမိတ်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ပူးပေါင်း ဆင်နွှဲခဲ့ခြင်းဖြစ်သည်။
မောတောင်မြို့ကို KNLA ပူးပေါင်းတပ်က ၂၀၂၅ ခုနှစ် ၊ နိုဝင်ဘာ ၁၄ ရက်တွင် သိမ်းပိုက်ခဲ့ပြီး ၅ လခန့်အကြာ ၂၀၂၆ ခုနှစ် ၊ မေလ ၁၉ ရက်၌ စစ်တပ်က ပြန်လည် သိမ်းပိုက် သွားခဲ့သည်။
