ရခိုင်တစ်မျိုးသားလုံး၏ ရည်မှန်းချက် ရာနှုန်းပြည့်အောင်မြင်ရန် လက်တကမ်းသာ လိုတော့ဟုဆို

ဓာတ်ပုံ - AA Info Desk
ပုံစာ -အောင်ပွဲခံ အာရက္ခစစ်သည်တော်များ။ ( ပုံဟောင်း )

ရခိုင်တစ်မျိုးသားလုံး၏ ရည်မှန်းချက် ရာနှုန်းပြည့်အောင်မြင်ရန် လက်တကမ်းအလိုသို့ ရောက်ရှိ နေပြီဖြစ်ကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် – ULA က ထုတ်ပြန်လိုက်သည်။

လက်ရှိအချိန်တွင် ရခိုင်ပြည်နယ်တစ်ခုလုံးနီးပါးကို သိမ်းပိုက်ထိန်းချုပ်ထားနိုင်ပြီဖြစ်ပြီး ယင်းသို့ အောင်မြင်မှုများ ရရှိလာခြင်းသည် အာရက္ခစစ်သည်တော်များ၏ အသက်၊ ခန္ဓာ ၊ သွေး၊ ချွေးပေါင်း များစွာကို စွန့်လွှတ်အနစ်နာခံပြီး ပေးဆပ်တိုက်ပွဲဝင်ကာ အောင်ပွဲများ ရယူနိုင်ခြင်း၏ အကျိုးရလဒ် ဖြစ်ကြောင်း မေလ ၂၉ရက် ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ထို့အတူ ယင်းအကျိုးရလဒ်များ ရရှိခဲ့ခြင်းသည် ရခိုင်ပြည်သူများ၏ တာဝန်ကျေပွန်မှုကြောင့်လည်း ဖြစ်ကြောင်း ULA က ဆိုသည်။

“ရက္ခိုင့်တပ်တော် AA ရဲ့ စွမ်းဆောင်နိုင်စွမ်းက တစ်နိုင်ငံလုံးကပြည်သူတွေ ချီးကျူးဂုဏ်ပြုရတဲ့အထိ အောင်မြင်မှု ကြီးမားခဲ့တယ်လို့ မြင်တယ်။စစ်အာဏာရှင် အမြစ်ပြတ်ချေမှုန်းနိုင်ဖို့ဆိုရင် ရခိုင်ဒေသ လွတ်မြောက်ရေးနဲ့တင် မလုံလောက်ပါဘူး။ တစ်နိုင်ငံလုံး လွတ်မြောက်ဖို့ အရေးကြီးပါတယ်။ ဒါကို ရက္ခိုင့်တပ်တော် အကြီးအကဲတွေကလည်း ကောင်းကောင်းသိရှိမယ်လို့ထင်ပါတယ်”ဟု ရခိုင်အမျိုး သားစာရေးဆရာတစ်ဦးက MPAသို့ပြောသည်။

မပြီးဆုံးသေးသော တော်လှန်ရေး အလုံးစုံအောင်မြင်မှု ရရှိရန်အတွက် အာရက္ခစစ်သည်တော်များ သည် ရှေ့တန်းစစ်မျက်နှာပြင်များ၌ ဆက်လက်တိုက်ပွဲဝင်လျက်ရှိပြီး ရှုံးမဲ မဲနေသော စစ်တပ်သည် ပြည်သူလူထုနေထိုင်ရာ မြို့ရွာများကို လက်နက်ကြီး၊ လေကြောင်းတို့ဖြင့် ပြင်းပြင်းထန်ထန် တိုက် ခိုက်မှုများ ပြုလုပ်နေကြောင်းလည်း ဖော်ပြထားသည်။

စစ်မြေပြင်၌ တိုက်ပွဲများ အပြင်းအထန် ဖော်ဆောင်တိုက်ပွဲဝင်နေရစဉ်တွင် နိုင်ငံတကာ ဖိအား သက်ရောက်ရန် ကြိုးပမ်းနေသည့် အစုအဖွဲ့များ၊ အမျိုးသားသစ္စာဖောက်အချို့၏ တစ်ကိုယ်တော် ဆောင်ရွက်မှုများကြောင့် ဘက်စုံထောင့်စုံမှ ရင်ဆိုင်နေရကြောင်းလည်း ဆိုသည်။

စစ်ရေး၊ နိုင်ငံရေး၊ သံတမန်ရေး တိုက်ခိုက်မှုများကြားတွင် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရသည် တရားဥပဒေစိုးမိုးရေး၊ ပညာရေး၊ ကျန်းမာရေး၊ အုပ်ချုပ်ရေး၊ မြို့ပြ ကျေးလက် ဖွံ့ဖြိုးရေးစီမံကိန်းများ စသည့် တည်ဆောက်ရေးကဏ္ဍများနှင့် ပြည်သူ့ဝန်ဆောင်မှုများကို ပြည်သူလူထုနှင့်အတူ တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်နေကြောင်းလည်း ထုတ်ပြန်ထားသည်။