တော်လှန်ရေးတပ်ဖွဲ့များ အရှိန်အဟုန်မြှင့် ထိုးစစ်ဆင်သည့်လများတွင် အလင်းဝင်၊လက်နက်ချနှင့် စစ်သုံ့ပန်းရရှိမှုအရေအတွက် အများဆုံးဖြစ်သည်ကို တွေ့ရကြောင်း ပြည်သူ့ပန်းတိုင်က ဆိုသည်။
မေလ၂၉ရက်၊ ပြည်သူ့ပန်းတိုင်က ထုတ်ပြန်လိုက်သော “၂၀၂၅ခုနှစ်၊ စစ်ကော်မရှင်တပ်မှ အလင်း ဝင်၊လက်နက်ချ နှင့် စစ်သုံ့ပန်းစာရင်းများ လေ့လာဆန်းစစ်ချက်”အစီရင်ခံစာတွင် အထက်ပါအ တိုင်း ဖော်ပြထားသည်။
၂၀၂၅ခုနှစ်အတွင်း အလင်းဝင် စစ်သား၊ရဲနှင့် ပြည်သူ့စစ် ၁၀၃၉ဦး၊ လက်နက်ချ ၁၅၇ဦး၊စစ်သုံ့ပန်း ၁၃၈၂ဦး စုစုပေါင်း ၂၅၇၈ဦး ရှိပြီး ယင်းကို တစ်နှစ်တာ ပြုန်းတီးမှုအင်အားဟု အစီရင်ခံစာ၌ ဖော်ပြ သည်။
“၂၀၂၅မှာ အလင်းဝင်တာထက် စစ်သုံ့ပန်းရရှိတဲ့ အရေအတွက်က ပိုများနေတာတွေ့ရတယ်။စစ်သုံ့ ပန်းပိုများနေတာကို ကြည့်ရင် စစ်မြေပြင်မှာ တော်လှန်ရေးတပ်တွေရဲ့ စစ်ရေးစွမ်းရည်အားကောင်းမှု နဲ့ စစ်သားတွေက စိတ်ဓာတ်ခွန်အား ချိနဲ့နေတာကြောင့် အခြေအနေမကောင်းတာနဲ့ အညံ့ခံဖို့ အ ဆင်သင့်ဖြစ်နေတယ်လို့ ယေဘုယျ ကောက်ချက်ချနိုင်တယ်။ နောက်တစ်ချက်က ၂၀၂၅မှာ စစ်မှု ထမ်းတပ်သား တစ်သိန်းနားကပ်နေပြီလို့ထင်တယ်။တစ်သိန်းမှာ အလင်းဝင်တဲ့စစ်သားက ၉၀၀ ကျော်ပဲ ရှိတာ အင်မတန်နည်းပါတယ်။ဘာ့ကြောင့်နည်းနေတာလဲဆိုတာကို ကျွမ်းကျင်သူတွေ သေ ချာသုံးသပ်ကြဖို့ လိုမယ်”ဟု နယ်စပ်ဒေသအခြေစိုက် CDMအရာရှိတစ်ဦးက MPAသို့ပြောသည်။
၂၀၂၅ခုနှစ်အတွင်း စစ်အုပ်စုပြုန်းတီးမှုအင်အားအများဆုံးလမှာ ဇန်နဝါရီ၊ဖေဖေါ်ဝါရီ၊ ဧပြီ၊ ဇွန်၊ဇူလိုင် နှင့် ဩဂုတ်တို့ဖြစ်ပြီး ယင်းလများ၌ တော်လှန်ရေးတပ်များက အရှိန်အဟုန်မြှင့် ထိုးစစ်ဆင်ခဲ့ ကြောင်း သိရသည်။
၂၀၂၅ခုနှစ်အတွင်း ဖေဖေါ်ဝါရီလသည် စစ်အုပ်စုပြုန်းတီးမှု(အလင်းဝင်၊လက်နက်ချနှင့်စစ်သုံ့ပန်း) အများဆုံးဖြစ်ပြီး ၃၇၃ဦးအထိ ရှိသည်။ဖေဖေါ်ဝါရီတွင် ကချင်နှင့် မွန်ပြည်နယ်ရှိ စစ်တပ်စခန်းများကို တော်လှန်ရေးတပ်များက ထိရောက်စွာတိုက်ခိုက်နိုင်ခဲ့သဖြင့် စစ်သုံ့ပန်းရရှိမှု သိသိသာသာ မြင့်တက် ခဲ့ကြောင်း အစီရင်ခံစာက ဆိုသည်။
ဇွန်၊ဇူလိုင်နှင့် ဩဂုတ်တို့တွင် အလင်းဝင်နှင့် လက်နက်ချဦးရေ များပြားနေရခြင်းမှာ မိုးရာသီကာလ၌ စစ်တပ်၏ မြေပြင်စစ်ကြောင်းထိုးမှုနှင့် လေကြောင်းအကူအညီရယူနိုင်မှု အကန့်အသတ်ရှိနေခြင်းကို တော်လှန်ရေးတပ်များက စစ်ရေးအရ အသုံးချနိုင်ခဲ့ခြင်းကြောင့်ဟု အစီရင်ခံစာ၌ သုံးသပ်ထားသည်။
၂၀၂၅ခုနှစ်အတွင်း စစ်အင်အားပြုန်းတီးမှု အများဆုံးဖြစ်ခဲ့သည့်ဒေသများမှာ စစ်ကိုင်းတိုင်းက ၆၇၆ဦး(အလင်းဝင်၊လက်နက်ချ၊စစ်သုံ့ပန်း)ဖြင့် အများဆုံးဖြစ်ပြီး မကွေးတိုင်း ၅၆၄ဦး၊ ကရင်ပြည် နယ် ၂၀၉ဦး၊ တနင်္သာရီတိုင်း ၁၈၇ဦးနှင့် မန္တလေးတိုင်း ၁၅၂ဦးတို့ဖြစ်သည်။
