ညနေခင်း နေဝင်ရိုးရီအချိန်သည် လူအများစုအတွက် တစ်နေ့တာအလုပ်ကိစ္စများ ပြီးဆုံး၍ မိသားစုနှင့်အတူ နွေးထွေးစွာ အနားယူရန် ပြင်ဆင်သည့် အချိန်ဖြစ်နိုင်သည်။
သို့သော် ရန်ကုန်မြို့၏ အကြီးမားဆုံး စက်မှုဇုန်နယ်မြေဖြစ်သော လှိုင်သာယာက အခြေခံအလုပ်သမားထုကြီးအတွက်မူ ယင်းအချိန်သည် ပျော်ရွှင်စရာမကောင်းလှသည့်အပြင် နေ့စဉ်ဘဝ၏ နောက်ထပ် စိန်ခေါ်မှုအသစ်တစ်ခု စတင်သည့် အချိန်သာ ဖြစ်သည်။
ခေတ်ဆိုးစနစ်ဆိုး၏ ရိုက်ခတ်မှုဒဏ်ကို အလူးအလဲ ခံနေရသည့် သူတို့၏ အိမ်ပြန်လမ်းသည် ပင်ပန်းနွမ်းနယ်မှု၊ ကုန်ဈေးနှုန်းဖိအားနှင့် လုံခြုံရေး စိုးရိမ်စိတ်များဖြင့် ပြည့်နှက်နေသည်။
ညနေ ၅ နာရီခွဲ ကျော်သည်နှင့် လှိုင်သာယာရှိ အထည်ချုပ် (Garment) စက်ရုံကြီးများ၏ ဝင်းတံခါးများ ပွင့်လာပြီး ထောင်နှင့်ချီသော အလုပ်သမားများ တစ်ပြိုင်နက်တည်း တိုးဝှေ့ထွက်လာကြသည်။
သူတို့၏ မျက်နှာများတွင် တစ်နေကုန် မတ်တပ်ရပ် စက်ချုပ်ခဲ့ရသည့်၊ ဖုန်မှုန့်နှင့် အပူဒဏ်ကြား ရုန်းကန်ခဲ့ရသည့် ပင်ပန်းနွမ်းနယ်မှုများက အထင်အရှား ရှိနေသည်။
သို့သော် ငြိမ်သက်စွာ နားနေခွင့် မရှိသေးဘဲ အိမ်အမြန်ပြန်ရောက်ရေးအတွက် နောက်ထပ် လုံးပန်းကြရပြန်သည်။
“စက်ရုံထဲမှာ ၈ နာရီ၊ ၉ နာရီလောက် Target ပြည့်အောင် မတ်တပ်ရပ် လုပ်ခဲ့ရတာ လူက ခါးကျိုးမတတ်ပါပဲ။ အပြင်ထွက်လာတော့လည်း ကားပေါ်မှာ လူချင်းပူးကပ်ပြီး အသက်ရှူကျပ်မတတ် ပြန်ရတယ်။ အိမ်ပြန်ရောက်ဖို့ လမ်းမှာတင်တင် အားအင်တွေ အကုန်ကုန်တယ်” ဟု အသက် ၂၂ နှစ်အရွယ် အထည်ချုပ်အလုပ်သမား အမျိုးသမီးငယ်တစ်ဦးက ညည်းတွားသည်။
အိမ်အပြန် လမ်းဘေးဈေးတန်းများတွင် ညစာအတွက် ဟင်းသီးဟင်းရွက်နှင့် စားသောက်ကုန် ဝယ်ယူချိန်သည်လည်း အလုပ်သမားများအတွက် စိတ်ပျက်စရာ ကောင်းလှသည်။
မပြောင်းလဲသည့် အခြေခံလုပ်ခလစာနှင့် တရိပ်ရိပ် တက်နေသည့် ဆန်၊ ဆီ၊ ဆား၊ ဆေးဝါး ဈေးနှုန်းများကြားတွင် ဝယ်ယူရန် လက်တွန့်နေကြရသည်
။ ရရှိသော လုပ်ခလစာသည် အဆောင်ခ၊ စားစရိတ်နှင့် လိုင်းကားခ ပေးချေပြီးပါက မိဘအိမ်သို့ ပြန်ပို့ရန် မဆိုထားနှင့် ကိုယ်တိုင် ရပ်တည်ရန်ပင် လကုန်ရက်များကို အနိုင်နိုင် ဖြတ်သန်းနေကြရသည့် ဘဝများဖြစ်သည်။
ဈေးနှုန်းမေးမြန်းပြီး မျက်မှောင်ကုတ်ကာ သက်ပြင်းချရင်း လှည့်ပြန်သွားကြသည့် အလုပ်သမားများကို လှိုင်သာယာ ညနေခင်း ဈေးတန်းများတွင် အဆန်းတကျယ် မဟုတ်တော့ပေ။
လက်ရှိ ခေတ်ကာလ အခြေအနေအရ လှိုင်သာယာ၏ လုံခြုံရေးသည် အလုပ်သမားများအတွက် အကြီးမားဆုံး ခြိမ်းခြောက်မှု ဖြစ်လာသည်။
လျှပ်စစ်မီး မှန်မှန်မလာသဖြင့် မှောင်မည်းနေသော လမ်းကြားများထဲသို့ ဖုန်းမီးလေးများကိုယ်စီ အားကိုးကာ စုစုရုံးရုံးဖြင့် အိမ်ပြန်ကြရသည်။
အထူးသဖြင့် အိုဗာတိုင် (OT) ဆင်းရသည့် ညဘက်များတွင် အမျိုးသမီး အလုပ်သမားများအတွက် ပို၍ စိုးရိမ်ရသည်။
လမ်းမီးမလင်းသည့် လမ်းကြားများတွင် လုယက်မှု၊ ဓားပြတိုက်မှုနှင့် အကြမ်းဖက်ခံရမည့် အန္တရာယ်များကို ရင်တထိတ်ထိတ်ဖြင့် ဖြတ်သန်းနေကြရသည်။
တုန်ရီသော ဖယောင်းတိုင်မီး သို့မဟုတ် အားသွင်းမီးသီး မှိန်မှိန်အောက်က အဆောင်ခန်းကျဉ်းလေးများသို့ ပြန်ရောက်သည့်တိုင်အောင် အလုပ်သမားများ ကောင်းစွာ မနားရသေးပါ။
ရေရှားပါးသည့် ရပ်ကွက်များတွင် ညဉ့်နက်သန်းခေါင် ရေလုခပ်ရခြင်း၊ လျှပ်စစ်မီးမရှိသဖြင့် အိုက်စပ်လှသော အဆောင်ခန်းထဲတွင် ခြင်အန္တရာယ်ကြားက အိပ်စက်ရခြင်းတို့ကြောင့် မနက်ဖြန် လုပ်ငန်းခွင်အတွက် အားအင်ပြည့်ဝစွာ အနားယူရန် ခက်ခဲလှသည်။
လှိုင်သာယာက အလုပ်သမားများ၏ ဘဝနှင့် အိမ်ပြန်ချိန်သည် နိုင်ငံတစ်နိုင်ငံ၏ ကုန်ထုတ်လုပ်မှုနှင့် စီးပွားရေးမောင်းနှင်အားကို ကျောထောက်နောက်ခံပြုပေးထားသော်လည်း၊ ကိုယ်တိုင်မူ အရိပ်မခိုရဘဲ ဒဏ်ရာဒဏ်ချက်များစွာဖြင့် နေ့စဉ် ကြံ့ကြံ့ခံ ရုန်းကန်နေရသည့် “ခေတ်ပျက်ထဲက သံမဏိပန်းများ” ပုံရိပ်ကိုတင်ပြလိုက်ပါသည်။













