By Moe Nya / MPA (အတွေးအမြင် ဆောင်းပါး)
တရုတ်နိုင်ငံရဲ့ “Great Firewall of China (GFW)” လို့ လူသိများတဲ့ ဒီစနစ်ကြီး မြန်မာပြည်မှာ တပ်ဆက်လိုက်တယ်ဆိုတဲ့ သတင်းက ကျတော်တို့အားလုံးကို စိုးရိမ်ပူပန်စေပါတယ်။ ဒီစနစ်ကြီးဟာ အင်တာနက်ကို ပိတ်တာ၊ ဝက်ဘ်ဆိုဒ်တွေကို ပိတ်တာထက် အများကြီး ပိုပြီး နက်နဲတဲ့ အကျိုးဆက်တွေ ရှိနေပါတယ်။
ဒီစနစ်ဟာ ပညာရေး၊ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူ့အခွင့်အရေးတွေကို ဘယ်လိုဖျက်ဆီးနိုင်လဲဆိုတာကို ရှင်းရှင်းလင်းလင်း မြင်နိုင်ပါတယ်။ ဒါဆို ဒီစနစ်ကြီး မြန်မာပြည်မှာသာ တကယ်အသက်ဝင်လာခဲ့ရင် ဘာတွေဖြစ်လာနိုင်မလဲဆိုတာကို ဆက်ပြီး စဉ်းစားဖို့လိုပါတယ်။
နိုင်ငံရေးအပေါ် သက်ရောက်မှု
Firewall ရဲ့ အဓိကရည်ရွယ်ချက်က အစိုးရရဲ့ အာဏာကို ခိုင်မာတည်မြဲအောင် ထိန်းသိမ်းဖို့ ဖြစ်ပါတယ်။ မြန်မာပြည်မှာ ဒီစနစ်ကို အသုံးပြုခဲ့မယ်ဆိုရင် အုပ်ချုပ်သူတွေအတွက် အလွန်အသုံးဝင်တဲ့ လက်နက်တစ်ခု ဖြစ်လာပါလိမ့်မယ်။
ပြည်သူတွေဟာ အစိုးရက ခွင့်ပြုထားတဲ့ အချက်အလက်တွေကိုပဲ မြင်တွေ့ရပါလိမ့်မယ်။ ပြင်ပကမ္ဘာနဲ့ အဆက်အသွယ်ပြတ်သွားပြီး လွတ်လပ်တဲ့မီဒီယာတွေ၊ လူမှုကွန်ရက်တွေက သတင်းတွေ ဝင်ရောက်ဖို့ ခက်ခဲသွားပါလိမ့်မယ်။
ဒါ့အပြင် အစိုးရကို ဆန့်ကျင်တဲ့၊ ဝေဖန်တဲ့ အသံမှန်သမျှ အင်တာနက်ပေါ်မှာ ပျောက်ကွယ်သွားပါလိမ့်မယ်။ ဒီအခါမှာ အုပ်ချုပ်သူတွေရဲ့ ဝါဒဖြန့်မှုတွေကိုပဲ လူတွေက နေ့စဉ်နဲ့အမျှ မြင်တွေ့ကြားသိနေရပါတော့မယ်။
Firewall စနစ်က အစိုးရကို ထောက်ခံတဲ့အသံတွေကိုပဲ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်စေပြီး ဆန့်ကျင်တဲ့အသံတွေကို တိတ်ဆိတ်အောင် ပြုလုပ်နိုင်ပါတယ်။ ဆန်ကျင်သူတွေရဲ့ အသံကလည်း လူထုကိုကိုရောက်ရှိမှုမရှိသလောက်ပဲဖြစ်ပါလိမ့်မယ်။
တော်လှန်ရေးအပေါ် သက်ရောက်မှု
မြန်မာပြည်ရဲ့ လက်ရှိအခြေအနေမှာ အင်တာနက်ဟာ တော်လှန်ရေးအတွက် အသက်သွေးကြောတစ်ခုလို ဖြစ်နေပါတယ်။ သတင်းတွေ မျှဝေဖို့၊ ရန်ပုံငွေရှာဖို့၊ လှုပ်ရှားမှုတွေ စုစည်းဖို့ အားလုံးဟာ အင်တာနက်ပေါ်မှာပဲ လုပ်ဆောင်နေရတာပါ။ ဒီ Firewall စနစ်က ဒီအသက်သွေးကြောကို ဖြတ်တောက်လိုက်ပါလိမ့်မယ်။
GFW စနစ်က Telegram၊ Signal၊ WhatsApp တို့လို လုံခြုံမှုရှိတဲ့ ဆက်သွယ်ရေး App တွေကို အလွယ်တကူ ပိတ်ဆို့နိုင်ပါတယ်။ VPN တွေကိုလည်း အဆင့်မြင့်နည်းပညာတွေသုံးပြီး အလွယ်တကူ ရှာဖွေ၊ ဖော်ထုတ်ပြီး ပိတ်ဆို့နိုင်ပါတယ်။ ဒါကြောင့် သတင်းအချက်အလက် လျှို့ဝှက်ဖလှယ်မှုတွေ အလွန်ခက်ခဲသွားပါလိမ့်မယ်။
VPN တွေကိုလဲပိတ်ပင်တာကြောင့် လက်ရှိဆိုရင် လွတ်လပ်တဲ့သတင်းမီဒီယာတွေရဲ့ သတင်းတွေ ပြည်တွင်းလူထုဆီကို ရောက်ဖို့အားနည်းလာနေပါတယ်။
တော်လှန်ရေးမှာ သပိတ်မှောက်တာ၊ ဆန္ဒပြတာ စတဲ့ လှုပ်ရှားမှုတွေကို အွန်လိုင်းကနေ စည်းရုံးတာဟာ အလွန်အရေးပါပါတယ်။ ဒီလိုစည်းရုံးမှုတွေဟာ GFW စနစ်အောက်မှာ ဘယ်လိုမှ မလုပ်နိုင်တော့ပါဘူး။ သတင်းတစ်ခု ပြည်နယ်တစ်ခုကနေ တခြားပြည်နယ်ကို ပြန့်သွားတာမျိုးကို GFW ရဲ့ နည်းပညာနဲ့ အမြန်ဆုံး ဖြတ်တောက်ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။
အင်တာနက် ပိတ်ဆို့ခံရခြင်းက တော်လှန်ရေးအင်အားစုတွေကို စိတ်ဓာတ်ကျအောင်၊ ပြင်ပကမ္ဘာရဲ့ ထောက်ခံမှုတွေနဲ့ အဆက်အသွယ်ပြတ်တောက်အောင် ဖန်တီးနိုင်ပါတယ်။
လူ့အခွင့်အရေးအပေါ် သက်ရောက်မှု
GFW ရဲ့ အဆိုးဆုံး အကျိုးဆက်ကတော့ လူ့အခွင့်အရေးကို လုံးဝဖျက်ဆီးပစ်တာပါပဲ။စနစ်ဟာ လူတိုင်းရဲ့ အွန်လိုင်းလှုပ်ရှားမှုတွေကို တစ်ခုမကျန် စောင့်ကြည့်မှတ်တမ်းတင်နိုင်ပါတယ်။ SIM Card ဝယ်ကတည်းက စပြီး မှတ်ပုံတင်နဲ့ ချိတ်ဆက်ထားတဲ့အတွက် သင် အင်တာနက်ပေါ်မှာ ဘာလုပ်လုပ် ဘယ်နေရာကနေ ဘာရေးရေး သင့်ရဲ့ Digital Permanent Record ထဲမှာ အကုန်လုံး မှတ်တမ်းတင်ပြီးသား ဖြစ်နေပါလိမ့်မယ်။
နှစ်ပေါင်းများစွာကြာပြီးနောက်မှာတောင်မှ သင့်ရဲ့ အွန်လိုင်းအပြုအမူတစ်ခုအတွက် သင့်ကို ပြန်ပြီး အရေးယူနိုင်ပါလိမ့်မယ်။
အစိုးရကို ဝေဖန်ဖို့ဆိုတာ ဝေးလို့၊ ကိုယ့်စိတ်ထဲရှိတာကိုတောင် အရင်းနှီးဆုံး သူငယ်ချင်း၊ မိသားစုနဲ့တောင် လွတ်လွတ်လပ်လပ် ပြောဖို့ မဖြစ်နိုင်တော့ပါဘူး။ သင်ရေးတဲ့ စာတွေကို၊ ပြောတဲ့ စကားတွေကို အစိုးရက အချိန်မရွေး ကြည့်နိုင်တယ်ဆိုတာကို သိနေတဲ့အတွက် လူတိုင်းဟာ ကိုယ့်ကိုယ်ကိုယ် ပြန်ပြီး ဆင်ဆာလုပ်နေရပါလိမ့်မယ်။
ကမ္ဘာ့အဆင့်မီ ပညာရပ်တွေ၊ သုတေသနတွေ၊ လွတ်လပ်တဲ့ အတွေးအခေါ်တွေနဲ့ ကျတော်တို့ လူငယ်တွေ အဆက်ပြတ်သွားပါလိမ့်မယ်။ ဒီလိုဖြစ်လာရင် တီထွင်ဖန်တီးနိုင်စွမ်း၊ ဝေဖန်ပိုင်းခြား တွေးခေါ်နိုင်စွမ်းတွေ ဆုံးရှုံးသွားပြီး အစိုးရက ချပေးတဲ့ လမ်းကြောင်းအတိုင်းသာ လိုက်လုပ်နေမယ့်သူတွေ ပိုများလာပါလိမ့်မယ်။
မတရားအာဏာသိမ်းထားတဲ့ စစ်တပ်ကဒီနည်းပညာကို ရွေးချယ်လိုက်ခြင်းဟာ နိုင်ငံရဲ့ အနာဂတ်ကို မတရားဖိနှိပ်အုပ်ချုပ်ဖို့အတွက်တခုတည်းနဲ့ သတ်ပစ်လိုက်တာတာ လို့ပြောလို့ရပါတယ်။ လူသားတစ်ယောက်ဖြည်တည်ခွင့် လွတ်လပ်ခွင့်တွေကို ပိတ်ပင်လိုက်တာဖြစ်လို့ တော်လှန်ရေးဘက်တော်သားနဲ့ ပြည်သူများသတိချပ်နိုင်ရန်ရေးသားတင်ပြလိုက်ပါတယ်။
စာတည်း-ကိုဆန်း
