ဆဲဆိုသည့် မန်နေဂျာနှင့် ကြီးကြပ်ရေးမှူးကို အလုပ်ထုတ်ပေးရန် စက်ရုံဝန်ထမ်းရာချီတောင်းဆိုနေ

ဓာတ်ပုံ - ရွှေပြည်သာမြို့နယ် အထည်ချုပ်သမဂ္ဂ
ပုံစာ - ဆဲဆိုသည့် မန်နေဂျာနှင့် ကြီးကြပ်ရေးမှူးကို အလုပ်ထုတ်ပေးရန် LIDA စက်ရုံဝန်ထမ်းများတောင်းဆိုနေကြသည်ကို တွေ့ရစဉ်

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်၊ ဥဿဖရားလမ်း၊ အမှတ် (၁၅၉) ရှိ LIDA Myanmar အထည်ချုပ်စက်ရုံက မန်နေဂျာနှင့် ကြီးကြပ်ရေးမှူးတို့သည် စက်ရုံဝန်ထမ်းများကို ညဆိုင်းမဆင်း၍ဆိုပြီး ရုန့်ရင်းကြမ်းတမ်းစွာဆဲရေးတိုင်းထွာမှုပြုလုပ်ခဲ့ကြောင်း သိရသည်။

ထို့ကြောင့်် စက်ရုံဝန်ထမ်း ၁၀၆ ဦးက ၎င်းတို့နှစ်ဦးကို အလုပ်မှထုတ်ပေးရန် စက်ရုံတာဝန်ရှိသူများထံ ယနေ့ ဇွန်လ ၁ ရက်နေ့တွင် တောင်းဆိုမှုများပြုလုပ်နေကြောင်း ရွှေပြည်သာမြို့နယ် အထည်ချုပ်သမဂ္ဂ၏ ထုတ်ပြန်ချက်အရ သိရသည်။

ဖြစ်စဉ်မှာ အချိန်ပို(OT)ကို ပြီးခဲ့သည့် မေလ ၃၀ ရက် စနေနေ့ညပိုင်းတွင် ညလုံးပေါက်အလုပ်ဆင်းခိုင်းခဲ့သည်ကို အလုပ်သမားများက မဆင်းနိုင်ကြောင်း ပြန်လည်ပြောကြားရာမှ ထုတ်လုပ်ရေး မန်နေဂျာနှင့် ကြီးကြပ်ရေးမှူးဖြစ်သူတို့က ဆဲရေးတိုင်းထွာခဲ့ခြင်းဖြစ်သည်။

အဆိုပါ LIDA စက်ရုံက ယူအေအီးနိုင်ငံ (UAE – United Arab Emirates)၊ ဒူဘိုင်းမြို့မှာ အခြေစိုက်ထားသည့် ကမ္ဘာကျော် Splash (Splash Fashions) အမှတ်တံဆိပ်များကို ချုပ်လုပ်ပေးနေသည်။