အစိုးရတု မွန်ဝန်ကြီးချုပ် ပွဲတက် မိန့်ခွန်းဖတ် အရည်အချင်းသာရှိဟုဆို

ဓာတ်ပုံ-ဒေသတွင်း စစ်အုပ်စု ဝါဒဖြန့်မီဒီယာ
အောင်ဝင်းသန်း ပွဲတက်နေပုံ။

မင်းအောင်လှိုင်ခန့် မွန်ပြည်နယ်ဝန်ကြီးချုပ် အောင်ဝင်းသန်းမှာ ပွဲတက်မင်းသားကြီးအဖြစ် မိန့်ခွန်းများ ရွတ်ဖတ်ခြင်းကိုသာ အားကြိုးမာန်တက်လုပ်ဆောင်နေကြောင်း သိရသည်။

အစိုးရတု မွန်ပြည်နယ်ဝန်ကြီးချုပ် အောင်ဝင်းသန်းသည် ဝန်ကြီးချုပ်အဖြစ် စတင်ခန့်အပ်ခြင်းခံရ သည့် ဧပြီ၆ရက်မှ စတင်ကာ ယနေ့(ဇွန်၂ရက်)အထိ ပြည်နယ်အဆင့် အခမ်းအနားများတက်ကာ ပြည်နယ်အုပ်ချုပ်ရေးရုံးမှ ရေးသားပေးသည့် မိန့်ခွန်းများ ရွတ်ဖတ်ခြင်းသာ လုပ်ဆောင်နိုင်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ရုံးနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

“အုပ်ချုပ်ရေးရုံးကဝန်ထမ်းတွေက နောက်ကွယ်မှာ ပြောနေကြတယ်။ငါတို့ဝန်ကြီးချုပ်က ရေးထား ပေးတဲ့ မိန့်ခွန်းကိုတောင် တစ်လုံးမကျန်အောင် ပြန်ဖတ်ပြနိုင်တယ်ဆိုပြီးတော့လေ။အခုအချိန်ထိ တခြားအရည်အချင်း ဘာမှမတွေ့ရသေးဘူး။ဒါပေမဲ့၊ ဗိုလ်မှူးချုပ်( အောင်ဝင်းသန်း)က မင်းအောင် လှိုင် ယုံကြည်မှုရထားတဲ့သူလို့ ပြောကြတယ် ”ဟု ၎င်းက MPAသို့ ပြောသည်။

အောင်ဝင်းသန်းသည် ရေတပ်မှ လာသဖြင့် ပြည်သူ့အုပ်ချုပ်ရေးအတွေ့အကြုံလုံးဝမရှိသူတစ်ဦးဖြစ် ကြောင်း ဒေသတွင်းပါတီများနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“ကြည်းတပ်ကလူတွေက အုပ်ချုပ်ရေးအဖွဲ့တို့ဘာတို့နဲ့ ထိစပ်မှုရှိတယ်။အုပ်ချုပ်ရေးတွေထဲလည်း ဝင်ပါဖူးတော့ ဘာမှမသိတောင် အတွေ့အကြုံတော့ ရှိတယ်။ရေတပ်ကျတော့ ပြည်သူနဲ့ထိစပ်တဲ့ ဘယ်အုပ်ချုပ်ရေးမှာမှ မပါဖူးဘူး။အဲဒါကြောင့် ပွဲတက်ပြီး မိန့်ခွန်းရွတ်နေတာ မဆန်းဘူး”ဟု ၎င်းက ပြောသည်။

အစိုးရတုက ဧပြီ၂၀ရက်မှ ဇူလိုင်၃၀ရက်အထိ ရက်၁၀၀စီမံချက် လုပ်ဆောင်နေပြီး မွန်ပြည်နယ်အ တွင်းရှိ ဌာနဆိုင်ရာများက ပုံမှန်လုပ်နေကျအလုပ်များကို ရက်၁၀၀ ခေါင်းစဉ်အောက် ဆွဲသွင်းကာ လုပ်ဆောင်လျက်ရှိရာ ပွဲတက်မင်းသားကြီး အောင်ဝင်းသန်းက ကျေနပ်နေကြောင်း သိရသည်။