ဆွေးနွေးပွဲများ ရပ်တန့်နေစဉ် အမေရိကန်နှင့် အီရန်တို့ အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွား

၂၀၂၆ ခုနှစ် မေလ ၂၅ ရက်နေ့က Nimitz-class အမျိုးအစား လေယာဉ်တင်သင်္ဘော USS Abraham Lincoln ကုန်းပတ်ပေါ်တွင် Strike Fighter Squadron (VFA) 41 နှင့် တွဲဖက်ထားသည့် F/A-18F Super Hornet တိုက်လေယာဉ်တစ်စင်းကို တွေ့ရစဉ် (ပုံဟောင်း - AFP)

AFP

နှစ်ဖက်အကြား ဆွေးနွေးပွဲများ ရပ်တန့်နေချိန်တွင် အမေရိကန်နှင့် အီရန်တို့အကြား ဇွန် ၁ ရက်နေ့က တိုက်ခိုက်မှုများ အပြန်အလှန် ပြုလုပ်ခဲ့ကြသည်။

ဆွေးနွေးမှုများသည် ပဋိပက္ခကို အဆုံးသတ်ရန် သို့မဟုတ် ပင်လယ်ကွေ့ ရေနံနှင့် သဘာဝဓာတ်ငွေ့များအတွက် အဓိက ရေကြောင်းလမ်းကြောင်းဖြစ်သော ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) ကို ပြန်လည်ဖွင့်လှစ်ရန် ယခုအချိန်အထိ သဘောတူညီမှု မရရှိသေးသလို အီရန်ကလည်း မည်သည့် ငြိမ်းချမ်းရေး သဘောတူညီချက်မဆို လက်ဘနွန်နိုင်ငံအတွင်းသို့ အစ္စရေး၏ ထိုးစစ်ဆင်မှုများကိုပါ ရပ်တန့်ရမည်ဟု တောင်းဆိုထားသည်။

အမေရိကန်နှင့် အီရန်တို့အကြား တိုက်ခိုက်မှုများ ပြန်လည်ဖြစ်ပွားနေသလို အစ္စရေးကလည်း လက်ဘနွန်နိုင်ငံအတွင်းသို့ ထိုးစစ်တိုးမြှင့်ခဲ့သည့်အပြင် ဘေရွတ်မြို့တောင်ပိုင်း ခရိုင်တစ်ခုရှိ “အကြမ်းဖက် ပစ်မှတ်များ” ကို တိုက်ခိုက်ရန် စစ်တပ်ကို ညွှန်ကြားထားသည်။

အီရန် ဆိပ်ကမ်းများအပေါ် အမေရိကန်၏ ရေတပ် ပိတ်ဆို့ထားမှုနှင့် လက်ဘနွန်တွင် အခြေအနေများ ပိုမိုပြင်းထန်လာခြင်းတို့သည် “အမေရိကန်ဘက်က အပစ်အခတ်ရပ်စဲရေးကို လိုက်နာခြင်း မရှိကြောင်း ထင်ရှားသော သက်သေများ” ဖြစ်သည်ဟု အီရန်၏ အဓိက ညှိနှိုင်းရေးမှူး မိုဟာမက် ဘာဂါ ဂါလီဘတ် က X လူမှုကွန်ရက်ပေါ်တွင် ပို့စ်တင်ခဲ့သည်။

ထို့အပြင် အီရန်နိုင်ငံသည် ကြားဝင်စေ့စပ်ပေးသူများမှတစ်ဆင့် အမေရိကန်နှင့် ပြုလုပ်နေသော ဆက်သွယ်ပြောဆိုမှု အားလုံးကို ဇွန်လ ၁ ရက်နေ့တွင် ဆိုင်းငံ့လိုက်ကြောင်း အီရန်သတင်းအေဂျင်စီ Tasnim က ဖော်ပြခဲ့သည်။

“ဇီယွန်ဝါဒီစနစ် (အစ္စရေး) ၏ လက်ဘနွန်နိုင်ငံအတွင်း ဆက်လက်ကျူးလွန်နေသော ရာဇဝတ်မှုများကို ထည့်သွင်းစဉ်းစားခြင်းဖြင့်လည်းကောင်း၊ လက်ဘနွန်သည် အပစ်အခတ်ရပ်စဲရေးအတွက် ကြိုတင်သတ်မှတ်ထားသော အခြေအနေများထဲမှ တစ်ခုဖြစ်ပြီး ယခုအခါ လက်ဘနွန်အပါအဝင် မျက်နှာစာအားလုံးတွင် ဤအပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်ခံလိုက်ရပြီဖြစ်ကြောင်း ထည့်သွင်းစဉ်းစားခြင်းဖြင့်လည်းကောင်း၊ အီရန်ညှိနှိုင်းရေးအဖွဲ့သည် ကြားဝင်စေ့စပ်ပေးသူများမှတစ်ဆင့် ဆွေးနွေးမှုများနှင့် စာသားဖလှယ်မှုများကို ဆိုင်းငံ့လိုက်သည်” ဟု Tasnim သတင်းတွင် ဖော်ပြထားသည်။