Reuters News
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အစိုးရအဖွဲ့သည် ၎င်းတို့စတင်တည်ထောင်ရန် ကြိုးပမ်းခဲ့သည့် ဒေါ်လာ ၁ ဒသမ ၈ ဘီလီယံ တန်ဖိုးရှိ အစိုးရအာဏာကို လက်နက်သဖွယ် အလွဲသုံးစားလုပ်မှုဆိုင်ရာ ရန်ပုံငွေ (Weaponization Fund)ကို ပါတီတွင်း ရစ်ပတ်ဘလစ်ကန် အထက်လွှတ်တော်အမတ်များ၏ ပြင်းပြင်းထန်ထန် ကန့်ကွက်မှုကြောင့် ပြန်လည်စွန့်လွှတ် ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
သို့သော်လည်း သမ္မတထရမ့်နှင့် ၎င်းမိသားစုဝင်များ၏ အတိတ်က အခွန်မှတ်တမ်းများကို နောင်ခါတွင် ထပ်မံစစ်ဆေးခွင့် မပြုတော့မည့် သဘောတူညီချက်မှာမူ ဆက်လက်တည်ရှိနေမည်ဖြစ်သည်။
အမေရိကန် ယာယီရှေ့နေချုပ် တော့ဒ် ဘလန့်ချ် (Todd Blanche) က လွှတ်တော်အမတ်များကို ပြောကြားချက်အရ အဆိုပါ ဒေါ်လာ ၁ ဒသမ ၇၇၆ ဘီလီယံ ရန်ပုံငွေသည် မူလက သမ္မတထရမ့်နှင့် တရားရေးဝန်ကြီးဌာနတို့အကြား အမေရိကန် ပြည်တွင်းအခွန်များဌာန (IRS) ကို ဒေါ်လာ ၁၀ ဘီလီယံဖြင့် တရားစွဲဆိုထားသည့် အမှုအပေါ် အပြန်အလှန် စေ့စပ်ညှိနှိုင်းမှုမှ ပေါ်ထွက်လာခြင်း ဖြစ်သည်။
ယင်းရန်ပုံငွေသည် အတိတ်အစိုးရများ၏ အာဏာအလွဲသုံးစားမှုကြောင့် နစ်နာခဲ့ရသူများကို လျော်ကြေးပေးရန် ရည်ရွယ်ခြင်းဖြစ်သော်လည်း၊ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၆ ရက် လွှတ်တော်အဆောက်အအုံ စီးနင်းမှုအတွင်း ရဲတပ်ဖွဲ့ဝင်များကို တိုက်ခိုက်ခဲ့သူများကို ဤရန်ပုံငွေထဲမှ လျော်ကြေးပေးမည် မဟုတ်ကြောင်း ယာယီရှေ့နေချုပ်က ကတိမပြုခဲ့သဖြင့် ရစ်ပတ်ဘလစ်ကန် အမတ်များအကြား မကျေနပ်မှုများ စတင်ခဲ့ခြင်းဖြစ်သည်။
ရစ်ပတ်ဘလစ်ကန် အမတ်များက အဆိုပါရန်ပုံငွေကို မဖျက်သိမ်းပါက ထရမ့်အစိုးရ၏ လူဝင်မှုကြီးကြပ်ရေး နှိမ်နင်းရေးဆိုင်ရာ ဒေါ်လာ ၇၂ ဘီလီယံတန် ဥပဒေကြမ်းကို အတည်ပြုပေးမည်မဟုတ်ကြောင်း ဖိအားပေး ခြိမ်းခြောက်ခဲ့သဖြင့် အိမ်ဖြူတော်ဘက်က ယခုကဲ့သို့ ရန်ပုံငွေကို ရုပ်သိမ်းရန် ဆုံးဖြတ်ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
တရားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အီမီလီ ကိုဗင်တန်က အစိုးရအာဏာ အလွဲသုံးစားမှုကြောင့် နစ်နာသူများကို လျော်ကြေးပေးရန်မှာ အစိုးရ၏ ဦးစားပေးလုပ်ငန်း ဖြစ်သော်လည်း၊ ယခုရန်ပုံငွေအပေါ် လွှဲမှားစွာ နားလည်မှုများ ရှိနေခြင်းကြောင့် ရှေ့မဆက်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ရှင်းလင်းခဲ့သည်။
လွှတ်တော်ကြားနာပွဲတွင် ဒီမိုကရက်တစ် အမတ်များက အဆိုပါရန်ပုံငွေအား လုံးဝဖျက်သိမ်းကြောင်း စာဖြင့် ရေးသားကတိပေးရန် တောင်းဆိုခဲ့သော်လည်း ယာယီရှေ့နေချုပ် ဘလန့်ချ်က ဗြောင်ငြင်းဆိုခဲ့သည်။
ထို့ပြင် ဒီမိုကရက်တစ် လွှတ်တော်ကိုယ်စားလှယ် ရိုဆာ ဒီလော်ရို (Rosa DeLauro) က ဘလန့်ချ်သည် ယခင်က သမ္မတထရမ့်၏ ကိုယ်ပိုင်ရှေ့နေဟောင်း ဖြစ်ခဲ့ပြီး ယခုအခါ ရှေ့နေချုပ်အာဏာကို အသုံးပြုကာ ထရမ့်နှင့် ၎င်း၏ စီးပွားရေးလုပ်ငန်းများကို အခွန်ထပ်မံ စစ်ဆေးခွင့်မရှိအောင် ပိတ်ပင်ပေးခဲ့ခြင်းမှာ ဒေါ်လာသန်း ၁၀၀ ခန့်ရှိမည့် အခွန်ဒဏ်ရိုက်ခံရမည့်ဘေးမှ ကာကွယ်ပေးလိုက်ခြင်းဖြစ်ရာ အကျိုးစီးပွား ပဋိပက္ခ (Conflict of Interest)ဖြစ်နေကြောင်း ပြင်းပြင်းထန်ထန် ဝေဖန်စွပ်စွဲခဲ့သည်။
သို့သော်လည်း ယာယီရှခြေချုပ် ဘလန့်ချ်က အဆိုပါ စွပ်စွဲချက်ကို ပယ်ချခဲ့သည်။
တစ်ဖက်တွင်လည်း ဇန်နဝါရီ ၆ ရက် ဖြစ်စဉ်မှ တရားခံ ၄၀၀ ကျော်ကို ကိုယ်စားပြုသည့် ရှေ့နေ ပီတာ တစ်တင် (Peter Ticktin) ကမူ ၎င်းတို့၏ အမှုသည်များသည် သမ္မတထရမ့်ကို ယုံကြည်သဖြင့် လျော်ကြေးငွေ ဆက်လက်ရရှိဦးမည်ဟု မျှော်လင့်နေဆဲဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
ယခုဖြစ်စဉ်သည် သမ္မတဒေါ်နယ်ထရမ့်၏ သက်တမ်းအတွင်း ပါတီတွင်း သဘောထားကွဲလွဲမှုများနှင့် အစိုးရအဖွဲ့၏ အာဏာအလွဲသုံးစားမှုအပေါ် လွှတ်တော်မှ ပြန်လည်ထိန်းကျောင်းရန် ကြိုးပမ်းသည့် အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေးအကြား အားပြိုင်မှုတစ်ရပ်အဖြစ် ထင်ရှားစေခဲ့ပြီး ရှေ့ဆက်၍ ထရမ့်အစိုးရ၏ လူဝင်မှုကြီးကြပ်ရေး ဘတ်ဂျက်ကိစ္စရပ်များနှင့် အမေရိကန်နိုင်ငံရေးအလှည့်အပြောင်းများအပေါ် သက်ရောက်မှုများ ရှိလာနိုင်ကြောင်း လေ့လာစောင့်ကြည့်သူများက သုံးသပ်ပြောကြားသည်။
