By MPA
အမေရိကန်အစိုးရ၏ မြန်မာ့အရေး မူဝါဒသည် ဘက်မလိုက်ဘဲ ကြားနေ ဖြစ်နေသလားဟုလည်း အထက်လွှတ်တော်အမတ် မစ်ခ် မက်ကောနယ် (Mitch McConnell) က မေးခွန်းထုတ်ခဲ့သည်။
မကြာသေးမီက ကျင်းပခဲ့သည့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ၂၀၂၇ ဘဏ္ဍာရေးနှစ် ဘတ် ဂျက် ကြားနာပွဲတွင် မြန်မာ့ဒီမိုကရေစီရေးကို စဉ်ဆက်မပြတ် ထောက်ခံပေးနေသည့် မက်ကောနယ် က အထက်ပါအတိုင်း မေးခွန်းထုတ်ခဲ့ခြင်းဖြစ်ပြီး Burma Act အောက်ရှိ ရန်ပုံငွေများ သုံးစွဲရန် နှောင့် နှေးနေမှုနှင့် စစ်အုပ်စုအပေါ် အမေရိကန်၏ မူဝါဒ ပျော့ပျောင်းနေမှုကိုလည်း ထောက်ပြခဲ့သည်။
အမေရိကန်အစိုးရအနေနှင့် တရုတ်ထောက်ခံသည့် စစ်အုပ်စုနှင့် ရွေးကောက်ခံ အရပ်သား အစိုးရကြား မည်သူ့ကို ပိုမိုလိုလားသနည်းဟုလည်း မက်ကောနယ်က မေးခွန်းထုတ်သေးသည်။
မက်ကော်နယ်၏ မေးခွန်းထုတ်မှုအပေါ် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရူဘီယိုက အမေရိကန်၏ မူဝါဒများသည် ကမ္ဘာပေါ်ရှိ မည်သည့်နေရာမှာမဆို မည်သည့်အခါမှ ကြားနေမှာ မဟုတ်ကြောင်း ပြတ်သားစွာ တုံ့ပြန်ခဲ့သလို အမေရိကန်အနေ၏ မိမိတို့၏ မိတ်ဆွေဖြစ်သော ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသည့် အစိုးရများနှင့်သာ ပိုမိုဆက်ဆံလိုကြောင်း သို့သော်၊တရုတ်နိုင်ငံ က မြန်မာနိုင်ငံအပေါ် လွှမ်းမိုးထားမှု ကြီးမားလွန်းသည့်အတွက် လက်တွေ့ဖြေရှင်းရာမှာ ခက်ခဲနေ သေးကြောင်းလည်း ပွင့်ပွင့်လင်းလင်း ဝန်ခံခဲ့သည်။
“ဒီစကားဝိုင်းကနေ အမေရိကန် ကွန်ဂရက်လွှတ်တော်အနေနဲ့ မြန်မာ့အရေးကို မျက်ခြည်မပြတ် စောင့်ကြည့်နေပြီး အုပ်ချုပ်ရေးပိုင်းကို ဆက်လက် ဖိအားပေးနေကြောင်း သက်သေပြနေပါတယ်။စစ် ကောင်စီ လော်ဘီတွေက အမေရိကန်ဟာ ရှားပါးမြေကြီး (Rare Earth Elements) လိုအပ်ချက် ကြောင့် စစ်အုပ်စုနဲ့ ပိုမိုနီးကပ်လာနိုင်တယ်လို့ ဝါဒဖြန့်နေမှုတွေကိုလည်း ဒီတရားဝင်ကြေညာ ချက် က ချေဖျက်လိုက်ပါတယ်”အမေရိကန်အခြေစိုက် မြန်မာ့အရေးတက်ကြွလှုပ်ရှားသူ ဦးဂျိမ်းရွှေက သုံးသပ်သည်။
အမေရိကန် နိုင်ငံခြားရေးမူဝါဒသည် ဒီမိုကရေစီအစိုးရကိုသာ အမြဲတမ်း ဦးစားပေးသွားမည်ဟုဆို ခြင်းမှာ မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူများအားလုံးအတွက် ခိုင်မာသည့် သတင်းစကားတစ်ရပ် ဖြစ်ကြောင်းလည်း ၎င်းက မှတ်ချက်ပြုသည်။
