ရန်ကုန်မြို့ရှိ မြောက်ဥက္ကလာပဆေးရုံကြီး ရင်ခွဲရုံ၌ ကွယ်လွန်သူ ပလုံကောက်အမျိုးသမီး၏ ရုပ်အလောင်းအပေါ် တာဝန်ရှိသူများက ငွေညှစ်ခဲ့သည့်ဖြစ်စဉ် ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာပြီးနောက်၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံတွင်လည်း အလားတူ ငွေညှစ်မှုများ ပိုမိုဆိုးရွားစွာ ဖြစ်ပွားနေကြောင်း ကြုံတွေ့ဖူးသူများနှင့် လူမှုကူညီရေးအသင်းအချို့က ထုတ်ဖော်ပြောဆိုလာကြသည်။
ရန်ကုန်ဆေးရုံကြီး ရင်ခွဲရုံရှိ တာဝန်ရှိသူများသည် မြောက်ဥက္ကလာပဆေးရုံထက် ပိုမို၍ ဗြောင်ကျကျ ငွေညှစ်လေ့ရှိပြီး၊ ငွေမပေးနိုင်သည့် နာရေးရှင်မိသားစုဝင်များကို အကြောင်းအမျိုးမျိုးပြကာ အနှောင့်အယှက်ပေးခြင်း၊ အရစ်ခံခြင်းများ ပြုလုပ်လေ့ရှိကြောင်း သိရသည်။
ရောင်စင်မဲ့ လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဒေါက်တာ သန်းထိုက်အောင်က “မြောက်ဥက္ကလာ ဆေးရုံကြီး ရင်ခွဲရုံ ဆိုးတယ်ဆိုတာ ရန်ကုန်ဆေးရုံကြီး ရင်ခွဲရုံက အိပ်နေသလောက်ဘဲရှိတယ်” ဟု ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ရန်ကုန်ဆေးရုံကြီး၏ ပိုမိုဆိုးရွားလှသည့် ငွေညှစ်မှုအခြေအနေကို ထုတ်ဖော်ရေးသားသည်။
ရန်ကုန်အခြေစိုက် လူမှုကူညီရေးအသင်းတစ်ခု၏ ခေါင်းဆောင်ဖြစ်သူက ရန်ကုန်ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးများသည်ပင် ရင်ခွဲရုံမှ တာဝန်ရှိသူများကို ထိန်းချုပ်နိုင်ခြင်းမရှိဘဲ ပြန်လည်ကြောက်ရွံ့နေရသည့် အခြေအနေမျိုး ဖြစ်နေကြောင်း ဖွင့်ချလာသည်။
ဆက်လက်၍ ဒေါက်တာ သန်းထိုက်အောင်က ရင်ခွဲရုံဝန်ထမ်းများ၏ လုပ်ရပ်များကို ဆရာဝန်ကြီးများက မသိကျိုးကျွန်ပြုကာ ၎င်းတို့ မင်းမူတောင်းသမျှကို ဆင်းရဲနွမ်းပါးသည့် ပြည်သူများက လိုက်လံပေးနေရသည့် အခြေအနေမှာ မဟုတ်သေးကြောင်း ဝေဖန်ထောက်ပြထားပြီး၊ တကယ်၍ ယခုပြောဆိုချက်များကို မဟုတ်မှန်ကြောင်း လာရောက်ငြင်းဆိုပါက သက်သေအဖြစ် ကာယကံရှင် နာရေးရှင်များကိုယ်တိုင် ခေါ်လာပြပေးမည်ဟု ဆိုထားသည်။
မကြာသေးမီကလည်း ဒဂုံမြို့သစ်မြောက်ပိုင်းတွင် ယာဉ်တိုက်မှုကြောင့် ကွယ်လွန်သွားခဲ့သည့် ဆင်းရဲနွမ်းပါးသူ ပလုံကောက်အမျိုးသမီး၏ ရုပ်အလောင်းကို ပြန်လည်ထုတ်ယူရန် ကြိုးပမ်းချိန်တွင် မြောက်ဥက္ကလာပဆေးရုံ ရင်ခွဲရုံတာဝန်ရှိသူများက နာရေးရှင်များ ငွေကြေးမတတ်နိုင်သဖြင့် ပရဟိတအသင်းက တာဝန်ယူမည်ဟု ပြောဆိုသော်လည်း ကျပ် ၇၅,၀၀၀ ပေးမှ သရဏဂုံတင်ပေးမည်ဟု ငွေညှစ်ခဲ့သည်။
ဒါ့အပြင် ရဲစခန်းနှင့် ယာဉ်ထိန်းရဲ ထောက်ခံစာများကို အခါခါ သွားရောက်ယူခိုင်းပြီး တမင်သက်သက် ရစ်ခဲ့ခြင်းကြောင့် မီးသင်္ဂြိုလ်ရန် ၃ ရက်တိုင်တိုင် စောင့်ဆိုင်းခဲ့ရသည့် ဖြစ်စဉ်တစ်ခု ပေါ်ပေါက်ခဲ့သေးသည်။
ယခုကဲ့သို့ ရန်ကုန်မြို့ပြရှိ အစိုးရဆေးရုံကြီးများ၏ ရင်ခွဲရုံများတွင် ဆင်းရဲနွမ်းပါးသည့် ပြည်သူများနှင့် နာရေးရှင်များအပေါ် အခွင့်ကောင်းယူကာ စနစ်တကျ မင်းမူငွေညှစ်နေသည့် ဖြစ်စဉ်များအပေါ် အရေးယူထိန်းကျောင်းပေးနိုင်ခြင်း မရှိသည့် ကျန်းမာရေးနှင့် အုပ်ချုပ်ရေးကဏ္ဍ ပျက်ပြားမှုများအပေါ် ပြည်သူများအကြား ဝေဖန်မှုများ ပြင်းထန်လျက်ရှိသည်။
စာတည်း – ကိုထားဝယ်
ဓာတ်ပုံ – ဦးသန်းထိုက်အောင် လူမှုကွန်ရက်နှင့် ရန်ကုန်ဆေးရုံကြီးလူမှုကွန်ရက်
