ရန်ကုန်မြို့၊ မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးရှိ ရင်ခွဲရုံဝန်ထမ်းအချို့၏ ငွေညှစ်နှောင့်ယှက်မှု ဖြစ်စဉ်နှင့် ပတ်သက်၍ ဆေးရုံကြီးဘက်မှ အကျင့်ပျက်ဝန်ထမ်းများနှင့် မသာပွဲစားများကိုပရဟိတအသင်းများနှင့်ပူး ပေါင်း၍
ဖော်ထုတ်ကာ ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆေးရုံအာဏာပိုင်များနှင့် လူမှုကူညီရေးအသင်းများအကြား ယနေ့ ဇွန်လ ၃ ရက်၌ ပြုလုပ်သည့် တွေ့ဆုံဆွေးနွေးပွဲအရ သိရသည်။
မြောက်ဥက္ကလာပဆေးရုံကြီး ရင်ခွဲရုံတွင် ပလုံကောက်သည့် အမျိုးသမီးတစ်ဦး၏ ရုပ်အလောင်းအား ထုတ်ယူရန် ကြိုးပမ်းစဉ် ဝန်ထမ်းအချို့က ငွေကြေးတောင်းခံကာ နှောင့်ယှက်ခဲ့သည့်ဖြစ်စဉ် မြေပြင်တွင် ပေါ်ပေါက်ခဲ့ပြီးနောက်အဆိုပါပြဿနာကို အပြုသဘောဖြင့် အမြန်ဆုံး ညှိနှိုင်းဖြေရှင်းရန်အတွက် ဆေးရုံအာဏာပိုင်များနှင့် ကာယကံရှင် ပရဟိတအသင်းများ ယနေ့ ဇွန်လ ၃ ရက်၊ နံနက် ၁၀ နာရီအချိန်က မြောက်ဥက္ကလာပဆေးရုံကြီး အစည်းအဝေးခန်းမ (၂) တွင် တွေ့ဆုံဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။
အဆိုပါ အရေးပေါ်ညှိနှိုင်းဆွေးနွေးပွဲသို့ မြောက်ဥက္ကလာပဆေးရုံကြီး၏ ဒုတိယဆေးရုံအုပ်ကြီး၊ မှုခင်းဆရာဝန်ကြီး၊ အရေးပေါ်ဌာန ဆရာဝန်ကြီး၊ ဆေးလူမှုဆက်ဆံရေးအရာရှိများနှင့် ဆေးရုံစီမံခန့်ခွဲမှု (Admin) တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
အလားတူ ပရဟိတဘက်မှ ဖြစ်စဉ်ကို ဖော်ထုတ်ခဲ့သည့် ဝန်းရံမှူးလူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးထွန်းမြတ်ညွှန့်နှင့် တာဝန်ရှိသူများအပြင်၊ ရန်ကုန်တိုင်းဒေသကြီး ပရဟိတအသင်းအဖွဲ့များကွန်ရက် (YRO) ၏ ဒဂုံမြို့သစ်ခရိုင် ဒုတိယဥက္ကဋ္ဌ ဦးချက် (အဖြူရောင်ပရဟိတအသင်း)၊ အရှေ့ဒဂုံ မေတ္တာသင်္ဂဟအသင်း ဥက္ကဋ္ဌ ဦးမင်းဒင် နှင့် မြောက်ဥက္ကလာပ မြရတနာအသင်း ဥက္ကဋ္ဌ ဦးဝင်းမိုးဆွေ တို့ စုံလင်စွာ တက်ရောက်ဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် ရင်ခွဲရုံဝန်ထမ်းများ၏ နှောင့်ယှက်ငွေညှစ်မှုဖြစ်စဉ်နှင့် ပတ်သက်၍ နှစ်ဦးနှစ်ဖက် ပွင့်လင်းမြင်သာစွာ အပြုသဘောဆောင် တိုင်ပင်ခဲ့ကြပြီး နောင်တွင် ပြည်သူများအပေါ် ယင်းကဲ့သို့ ခါးသီးသော ဖြစ်စဉ်မျိုး ထပ်မံမပေါ်ပေါက်စေရန် ဝိုင်းဝန်းထိန်းသိမ်းကြပ်မတ်သွားကြရန် သဘောတူညီခဲ့ကြသည်။
အကယ်၍ အလားတူပြဿနာမျိုး ထပ်မံရှိလာပါကလည်း အမြန်ဆုံး ချိတ်ဆက်ညှိနှိုင်း အရေးယူနိုင်မည့် စနစ်တစ်ရပ်ကို တိုင်ပင်နိုင်ခဲ့ကြောင်း ဝန်းရံမှူးလူမှုကူညီ ရေးအသင်း ဥက္ကဋ္ဌ ဦးထွန်းမြတ်ညွှန့်က လူမှုကွန်ရက်ကတစ်ဆင့်ပြောသည်။
ထို့ပြင် ဆေးရုံကြီးနှင့် ပရဟိတအသင်းများအကြား အချိတ်အဆက်မိမိ ပူးပေါင်းကာ အခြေခံပြည်သူများ နာရေးနှင့် ကျန်းမာရေးကိစ္စရပ်များတွင် လုံးဝအခက်အခဲမရှိစေရန် ရှေ့ဆက်လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များကို ညှိနှိုင်းခဲ့ကြသည်။
ယင်းအစည်းအဝေးအတွင်း ဆေးရုံကြီးဘက်မှ ကြုံတွေ့နေရသည့် လုပ်ငန်းခွင်အခက်အခဲများနှင့် ပရဟိတအသင်းများဘက်မှ မြေပြင်၌ အမှန်တကယ် ရင်ဆိုင်နေရသည့် အကျပ်အတည်းများကို ပွင့်လင်းစွာ ချပြဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အထူးသဖြင့် ဆေးရုံအတွင်းရှိ အကျင့်ပျက်ဝန်ထမ်းများနှင့် မသာပွဲစားများကို ထိရောက်စွာ အရေးယူရန်နှင့် ပရဟိတလောကအတွင်း အခြေစိုက်သည့် အမည်ခံစီးပွားရှာသူများကို နှိမ်နင်းရန် နှစ်ဦးနှစ်ဖက် လက်တွဲလုပ်ဆောင်သွားကြမည် ဖြစ်သည်ဟု ဆိုသည်။
ထို့ပြင် ယခုယာဉ်တိုက်မှုကြောင့် သေဆုံးခဲ့ရသည့် ပလုံကောက်အမျိုးသမီးအတွက် အစိုးရထံမှ ရပိုင်ခွင့်ရှိသည့် အသက်အာမခံကြေး ကျပ်သိန်း ၃၀ ခန့်အား မိသားစုဝင်များ ရရှိနိုင်စေရေးအတွက်ပါ ဆေးရုံကြီးနှင့် ပရဟိတကွန်ရက်တို့ ပူးပေါင်းဆောင်ရွက်ပေးသွားရန် တိုင်ပင်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ပြီးခဲ့သည့် မေလ ၃၀ ရက်နေ့က မြောက်ဒဂုံမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့်ယာဉ်တိုက်မှုတွင် ပလုံကောက်သူအမျိုးသမီး သေဆုံးခဲ့၍ မြောက်ဥက္ကလာဆေးရုံကြီး ရင်ခွဲရုံ၌ ထားရှိခဲ့သည်။
နောက်တစ်ရက် မေလ ၃၁ ရက်တွင် ရုပ်အ လောင်း လာထုတ်ချိန် ရင်ခွဲရုံတာဝန်ရှိသူအချို့ကထောက်ခံစာအမျိုးမျိုး တောင်းပြီး ချို့တဲ့သူ အလောင်းပိုင်ရှင်မိသားစုကို ငွေညှစ်ခဲ့သည်။
ထို့ကြောင့် လူထုက အပြင်းအထန် ဝေဖန်ခဲ့ပြီးနောက် အခုလို အစည်းအဝေးအထိ ပြုလုပ် ဖြေရှင်းလာခြင်းဖြစ်သည်။
စာတည်း – ကိုထားဝယ်
ဓာတ်ပုံ – ဦးထွန်းမြတ်ညွှန့်လူမှုကွန်ရက်
