ကျပ်သိန်း ၅၀၀ အမြင့်ဆုံးပေးမည့် အာရက္ခတပ်တော် အာရက္ခလောင်ပေါ်ထီ စတင်

ဓာတ်ပုံ - AA အခွန်ဌာန/လူမှုကွန်ရက်

အာရက္ခတပ်တော် (AA) သည် အမြင့်ဆုံးဆုအဖြစ် ကျပ်သိန်း ၅၀၀ ပါဝင်သော ထီစနစ်တစ်ရပ်ကို ဖော်ဆောင်ကာ ၎င်းတို့ ထိန်းချုပ်ထားသည့် နယ်မြေများတွင် ဇွန်လ ၁ ရက်နေ့မှ စတင်၍ ထီလက်မှတ်များ ဖြန့်ဖြူးရောင်းချနေပြီဖြစ်ကြောင်း သိရသည်။

‘အာရက္ခလောင်ပေါ်’ ဟု အမည်ပေးထားသည့် အဆိုပါထီစနစ်တွင် ထီလက်မှတ်တစ်စောင်လျှင် မြန်မာငွေ ကျပ် ၁,၀၀၀ သတ်မှတ်ထားပြီး၊ အမြင့်ဆုံးဆု ကျပ်သိန်း ၅၀၀ အပြင် ကျပ်သိန်း ၃၀၀၊ ကျပ်သိန်း ၁၀၀၊ ကျပ်သိန်း ၅၀၊ ကျပ်သိန်း ၂၀ နှင့် ကျပ် ၁၀ သိန်းဆု စုစုပေါင်း ဆုမဲအရေအတွက် ၃၉ ဆုအထိ ချီးမြှင့်သွားမည်ဖြစ်ကြောင်း AA ၏ အခွန်ဌာနက ထုတ်ပြန်ကြေညာထားသည်။

AA ဘက်က ဖြန့်ဝေထားသည့် လက်ကမ်းကြော်ငြာများ၏ ဖော်ပြချက်အရ ယခုထီစနစ်မှ ရရှိလာမည့် အခွန်ဘဏ္ဍာငွေများကို ဒေသတွင်း လမ်းတံတား တည်ဆောက်ရေး၊ ပညာရေး၊ ကျန်းမာရေး အစရှိသည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များတွင် ပြန်လည်အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ရခိုင်ဒေသအတွင်း စစ်ဘေးစစ်ဒဏ်ကြောင့် စီးပွားရေးအရ ချွတ်ခြုံကျနေသော်လည်း ဒေသခံများအနေဖြင့် AA ၏ အဆိုပါထီအစီအစဉ်အပေါ် စိတ်ဝင်စားမှုရှိနေကြသည်။

ထို့ပြင် ပြည်ပရောက် ရခိုင်တိုင်းရင်းသားများကလည်း ယခုအစီအစဉ်ကို အားပေးဝယ်ယူရန် ပြင်ဆင်နေကြပြီး၊ ထိုင်းနိုင်ငံရောက် ရခိုင်တိုင်းရင်းသားတစ်ဦးက “အားပေးဖို့ အဆင်သင့်ပါပဲ၊ အခု ပြည်တွင်းကို လှမ်းမေးထားတယ်” ဟု မြေပြင်အခြေအနေကို ပြောဆိုသည်။

အာရက္ခတပ်တော် (AA) သည် ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၇ မြို့နယ်အနက် ၁၄ မြို့နယ်အထိ သိမ်းပိုက်ထိန်းချုပ်ထားနိုင်ခဲ့ပြီး၊ လက်ရှိတွင် လက်ကျန်မြို့နယ်များဖြစ်ကြသည့် စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့တို့ကိုပါ ဆက်လက်တိုက်ခိုက်သိမ်းပိုက်နိုင်ရန် ကြိုးပမ်းလျက်ရှိသည်။

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) က ရခိုင့်တော်လှန်ရေးပန်းတိုင်သို့ ရောက်ရှိရန် လက်တစ်ကမ်းသာလိုတော့ကြောင်း ပြီးခဲ့သည့်မေလ ၂၉ ရက်နေ့ ထုတ်ပြန်ချက်အတွင်း အသိပေးထားသည်။

အခြားတစ်ဖက်တွင်လည်း အာဏာသိမ်းစစ်တပ်သည် AA ထိန်းချုပ်ထားရာ မြို့ရွာများကို လေကြောင်း၊ ရေကြောင်းနှင့် လက်နက်ကြီးများဖြင့် နေ့စဉ်ရက်ဆက် ပစ်ခတ်တိုက်ခိုက်နေသဖြင့် ဒေသခံပြည်သူများ ထိခိုက်နစ်နာမှုများနှင့် ရင်ဆိုင်နေရသည်။

ထို့ပြင် စစ်အုပ်စုက ရခိုင်ဒေသနှင့် ပြည်မအကြား ဆက်သွယ်ထားသည့် ကုန်သွယ်ရေးလမ်းကြောင်းများကိုပါ ဖြတ်တောက်ပိတ်ဆို့ထားခြင်းကြောင့် ဒေသတွင်း ကုန်ဈေးနှုန်းများ အဆမတန် မြင့်တက်ကာ ပြည်သူများ စားဝတ်နေရေး အကျပ်အတည်း အပြင်းအထန် ကြုံတွေ့နေရချိန်တွင် ယခုထီစနစ် ထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။

စာတည်း – ကိုထားဝယ်