အခမဲ့အမည်ခံ ပရဟိတအချို့ ဆေးရုံတက်/ဆင်းလူနာများကို မတန်တဆဈေးတောင်း၍ အော်ဒါလိုက်နေဟုဆို

ရန်ကုန်မြို့ရှိ လူမှုကူညီရေးအသင်းအချို့သည် အခမဲ့ကူညီပေးမည်ဟု အမည်တပ်ထားသော်လည်း အမှန်တကယ်တွင် ဆေးရုံတက်/ဆင်း လူနာတင်ယာဉ် (Ambulance) များကို မတန်တဆဈေးနှုန်းများ တောင်းခံကာ သီးသန့်အော်ဒါလိုက်၍ စီးပွားရှာနေကြကြောင်း ဝန်းရံမှူးလူမှုကူညီရေးအသင်းထံမှ သိရသည်။

အဆိုပါအသင်းအမည်ခံအချို့သည် လမ်းပေါ်က ယာဉ်တိုက်မှုဖြစ်စဉ်များနှင့် ရုပ်အလောင်းကောက်ယူခြင်း၊ လူနာသယ်ယူခြင်း စသည့် အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ဆောင်ခြင်းမရှိဘဲ အလှူငွေ လိုက်လံကောက်ခံခြင်းနှင့် ဆီဖိုးအမည်ခံကာ ငွေကြေးအမြောက်အမြား တောင်းခံခြင်းများကိုသာ လုပ်ဆောင်နေကြကြောင်း သိရသည်။

“ကျွန်တော့်အသင်းအနေနဲ့ အရေးပေါ် Accident ဖြစ်စဉ်တွေကို အမြန်ဆုံးသွားရောက်ကူညီတယ်။ အခုနောက်ပိုင်းမှာ ပရဟိတအသင်းဆိုပြီး လူနာလည်းမကောက်၊ မသယ်ဘဲ အလှူငွေပဲ လိုက်ကောက်နေတဲ့အသင်းတွေ ရှိလာတယ်။ သူတို့က ဆီဖိုးပဲ လက်ခံပါတယ်ဆိုပြီး မတန်တဆဈေးတွေနဲ့ ဆေးရုံဆင်း၊ ဆေးရုံတက် Ambulance အော်ဒါတွေကို သီးသန့်လိုက်နေကြတာကြောင့် အများနဲ့မရောဘဲ ကျွန်တော့်အသင်းလို့ပဲ သီးသန့်ခွဲပြောရတာပါ” ဟု ဝန်းရံမှူးလူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးထွန်းမြတ်ညွှန့်က မြေပြင်အခြေအနေကို ရှင်းလင်းပြောကြားသည်။

ယင်းအပြင် ပြီးခဲ့သည့်ရက်ပိုင်းက ရန်ကုန်မြို့၊ မြောက်ဥက္ကလာပဆေးရုံကြီး၏ ရင်ခွဲရုံတာဝန်ရှိသူများက သေဆုံးသူရုပ်အလောင်း ထုတ်ပေးရန် အကြောင်းအမျိုးမျိုးပြ၍ ငွေညှစ်ခဲ့သည့် ဖြစ်စဉ်တစ်ခုလည်း ပေါ်ပေါက်ခဲ့သည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့် မေလ ၃၀ ရက် ညနက်ပိုင်းက ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ ဦးဝိစာရလမ်းပေါ်တွင် ယာဉ်တိုက်မှုဖြစ်ပွားပြီး ပလုံကောက်သည့် အမျိုးသမီးတစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့သဖြင့် ဝန်းရံမှူးအသင်းက မြောက်ဥက္ကလာပဆေးရုံကြီးသို့ ပို့ဆောင်ကာ ဆေးကုသမှုခံယူစေခဲ့သော်လည်း ကွယ်လွန်သွားခဲ့သဖြင့် ရင်ခွဲရုံသို့ အပ်နှံခဲ့ရသည်။

အဆိုပါ သေဆုံးသူအမျိုးသမီးသည် သားဖြစ်သူ ကျောင်းတက်နိုင်ရေးအတွက် ပလုံကောက်ရင်း အသက်ဆုံးရှုံးခဲ့ရခြင်းဖြစ်ကာ လူထုအကြား သနားဂရုဏာ သက်ခဲ့ကြသော်လည်း ဆေးရုံရင်ခွဲရုံ ဝန်ထမ်းများ၏ စာနာမှုကင်းမဲ့စွာ ဆက်ဆံခြင်းကို ကြုံတွေ့ခဲ့ရကြောင်း သိရသည်။

မေလ ၃၁ ရက်တွင် ရုပ်အလောင်း ပြန်လည်ထုတ်ယူရန် ကြိုးပမ်းစဉ် ရင်ခွဲရုံတာဝန်ရှိသူများက အကြောင်းအမျိုးမျိုးပြကာ ငွေညှစ်ခဲ့ပြီး ကာယကံရှင်မိသားစုမှာ ငွေကြေးမတတ်နိုင်သဖြင့် ပရဟိတအသင်းက တာဝန်ယူမည်ဟု ပြောကြားသော်လည်း “ကျပ် ၇၅,၀၀၀ ပေးမှ သရဏဂုံတင်ပေးမည်” ဟု ရင်ခွဲရုံဘက်က တောင်းခံခဲ့ကြောင်း ဦးထွန်းမြတ်ညွှန့်က ဆိုသည်။

ထို့ပြင် ရင်ခွဲရုံတာဝန်ရှိသူများက ရဲစခန်းထောက်ခံစာယူရန် ခိုင်းစေသဖြင့် သေဆုံးသူ နေထိုင်ရာ အရှေ့ဒဂုံရဲစခန်းအထိ သွားရောက်ယူဆောင်ခဲ့ရသော်လည်း၊ ရင်ခွဲရုံသို့ ပြန်ရောက်ချိန်တွင် ယာဉ်ထိန်းရဲထံမှ ထောက်ခံစာ ထပ်မံယူခိုင်းခြင်းစသည့် အကြောင်းအမျိုးမျိုးဖြင့် အရစ်ခံခဲ့ရသည်။

ယင်းကဲ့သို့ ဆေးရုံရင်ခွဲရုံတာဝန်ရှိသူများ၏ ရည်ရွယ်ချက်ရှိရှိ ကြန့်ကြာအောင် ပြုလုပ်မှုများကြောင့် ကွယ်လွန်သူအမျိုးသမီးအား မီးသင်္ဂြိုလ်ရန် ၃ ရက်တိုင်စောင့်ဆိုင်းခဲ့ရပြီး၊ သင်္ဂြိုလ်မည့်နေ့အထိ အခက်အခဲမျိုးစုံ ကြုံတွေ့ခဲ့ရသော်လည်း နောက်ဆုံးတွင် ဇွန်လ ၁ ရက်နေ့က သင်္ဂြိုလ်ခွင့်ရရှိခဲ့ကြောင်း သိရသည်။

စာတည်း – ကိုထားဝယ်
ဓာတ်ပုံ – လူမှုကွန်ရက်