လှိုင် ၁၃ရပ်ကွက်ရုံးတွင် ပေါ်တာဆွဲထားသည့် လူငယ်များကို ရက်ရက်စက်စက် နှိပ်စက်

ဓာတ်ပုံ-MOI
လှိုင်၊ ၁၃ရပ်ကွက်ရုံးတွင် မေ၃ရက်က မှတ်ပုံတင်လုပ်ပေးနေပုံ။

ရန်ကုန်မြို့၊လှိုင်မြို့နယ်၊ ၁၃ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ပေါ်တာဆွဲထားသည့် လူငယ်များကို ရက်ရက်စက်စက် နှိပ်စက်နေကြောင်း သိရသည်။

လှိုင်မြို့နယ်၊၁၃ရပ်ကွက်၊ပန်းခြံကျောင်းလမ်းထိပ်ရှိ အုပ်ချုပ်ရေးမှူးရုံးတွင် ယနေ့(ဇွန်၃ရက်) နံနက် လင်းအားကြီးချိန်မှ နံနက်လင်းသည့်အထိ ၁၃ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့က ညှင်းပန်း နှိပ်စက် နေသဖြင့် အနီးနားနေသူများ၊ မနက်ပိုင်းလမ်းလျှောက်သူများနှင့် အလုပ်သွားသူများ စိတ်မချမ်းသာ ဖွယ်ကြားနေရကြောင်း ဒေသခံအချို့ထံက သိရသည်။

“ဘေးပတ်ဝန်းကျင်မှာ လူနေတိုက်ခန်းတွေ၊ အိမ်တွေ အများကြီးရှိတယ်။ဘေးမှာ အလက ၇ ရှိ တယ်။မနက် ကျောင်းကို ကလေးတွေ စလာနေတဲ့အချိန်။ အဲဒါကိုပဲ ဘယ်သူ့ကိုမှ ဂရုမစိုက်ဘူး ဆို တဲ့ အချိုးမျိုးနဲ့ နှိပ်စက်နေတာ အကုန်စိတ်ဆင်းရဲနေရတယ်။လူငယ်တွေ အော်လိုက်တာမှ ငယ်သံ ပါအောင် အော်နေတာ ”ဟု ဒေသခံတစ်ဦးက MPAသို့ပြောသည်။

၁၃ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ပေါ်တာဆွဲထားသည့် လူငယ်များအား ယာယီချုပ်နှောင်ထားပြီး နောက် စစ်မှုထမ်းဈေးကွက်ထဲသို့ ပြန်ရောင်းစားကြောင်းလည်း သိရ သည်။

“ညတုန်းက လူငယ်တွေ ဘယ်နှစ်ယောက်ကို ဖမ်းထားသလဲတော့ မသိဘူး။ဘယ်လိုပုံစံမျိုးနဲ့ နှိပ် စက်သလဲဆိုတာလည်း မသိဘူး။ဒါပေမဲ့၊ငယ်သံပါအောင် အော်နေတဲ့ အော်သံအရ ရက်ရက်စက်စက် နှိပ်စက်နေတာတော့ သေချာတယ်”ဟု ရပ်ကွက်ရုံးနားရှိ ကားကွင်းတွင် မနက်ပိုင်း လမ်းလျှောက် လေ့ကျင့်ခန်းလုပ်နေသူတစ်ဦးက ဆိုသည်။

မည်သို့သော အကြောင်းကြောင့် နှိပ်စက်နေသလဲဆိုသည်ကိုလည်း မသိရသေးပေ။

“ အုပ်ကြီးမှာက သေနတ်ရှိတယ်။စစ်တပ်က ပေးထားတယ်လို့ ကြားတယ်။ အုပ်ကြီးရဲ့တပည့် လမ်း မှူး ဆိုတဲ့ကောင်တွေက ရပ်ကွက်ထဲက ဆောက်လုပ်ရေးဆိုဒ်ထဲက ကလေးတွေကို ညဘက် လိုက် ဆွဲတာ။ အရင်က ဆိုက်ကားနင်းတဲ့ကောင်တွေ ။ အခုကတော့ ရပ်ကွက်ထဲမှာ သူတို့က လမ်းမှူးလုပ် ပြီး တော်တော်ဇောင်းထနေတာ။ စျေးသည်တွေဆို သူတို့က အရမ်းအနိုင်ကျင့်တာ ”ဟု ၎င်းက ဆိုသည်။

၁၃ ရပ်ကွက် အုပ်ချုပ်ရေးမှူးမှာ ယခင်က ပို့ဆောင်ရေးဂိုးသမားဟောင်း ဟု သိရပြီး ပြီးခဲ့သည့် သင်္ကြန်တုန်းက ၎င်း၏ နေအိမ်တွင် သင်္ကြန် ၄ရက်စလုံး ဘီယာစတုဒီသာလုပ်နိုင်သည်အထိ ကြီးပွားနေကြောင်း၊ ပြီးခဲ့သည့်မေလအတွင်း ရပ်ကွက်ထဲရှိ ဘောလုံးကွင်း၌ အောင်ဇဗ္ဗူဇာတ်ပွဲသွင်းရာတွင် ပန်းခြံလမ်းတစ်လျှောက် ဆိုင်ခန်းနေရာသတ်မှတ်ကာ တစ်နေရာ တစ်သိန်းကျပ်ကောက်ခံပြီး နေရာသတ်မှတ်ရောင်းရငွေမှ သိန်းတစ်ရာကျော် ရရှိခဲ့ရာ လမ်းမှူးများအား ခွဲမပေးသဖြင့် ၎င်းတို့အချင်းချင်း ပြဿနာတက်ခဲ့ကြောင်း သိရသည်။